ဆီရီးယားနိုင်ငံ အကျပ်အတည်း တွေ့ဆုံဆွေးနွေး

ဓာတ်ပုံ မူပိုင် AP
Image caption အာဏာရပါတီ၊ အတိုက်အခံ၊ ပညာရှင်တွေ၊ လူငယ်တွေနဲ့ အနုပညာရှင်တွေပါဝင်ဆွေးနွေး

ဆီးရီးယားနိုင်ငံမှာ အများစုပါဝင်နိုင်တဲ့ ဒီမိုကရေစီစနစ်ကို နောက်ဆုံးကျရင် ပုံဖေါ်နိုင်မှာ ဖြစ်တယ်လို့ သူယုံကြည် ကြောင်း ဆီးရီးယား ဒုတိယသမ္မတ ဖာရွတ်ရှားက ပြောကြားလိုက်ပါတယ်။

မြို့တော် ဒမားစကက်မှာ ၂ ရက်ကြာ ပြုလုပ် မယ့် အမျိုးသား တွေ့ဆုံ ဆွေးနွေးပွဲ ဖွင့်ပွဲမှာ မစ္စတာ ဖာရွတ်က အခုလို မှတ်ချက်ပြု ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အစိုးရက ကမကထပြု ကျင်းပတဲ့ တွေ့ဆုံ ဒီဆွေးနွေးပွဲမှာ အာဏာရ ဘတ်ပါတီနဲ့ အတိုက် အခံ တချို့ပါဝင်မှာ ဖြစ်သလို၊ ပညာရှင်တွေ၊ လူငယ်တက်ကြွသူတွေနဲ့ အနုပညာရှင်တွေပါ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နိုင်ငံမှာ လပေါင်းများစွာ မတည်မငြိမ်ဖြစ်နေတာတွေကို အဆုံးသတ်စေရေး နည်းလမ်းတွေ အတွက် သူတို့အားလုံး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဓိကအတိုက်အခံတွေကတော့ ဆန္ဒပြသူအမြောက်အများ သေဆုံးနေရတဲ့ အခုလိုအချိန်မျိုး မှာ ဆွေးနွေးပွဲပြုလုပ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ပြောပြီး၊ ဆွေးနွေးပွဲကို သပိတ်မှောက်လိုက် ပါတယ်။