မြန်မာ့လူဦးရေနဲ့ စိန်ခေါ်မှုတွေ

ဓာတ်ပုံ မူပိုင် AP
Image caption လူဦးရေတိုးပွားလာတာနဲ့ အတူ စိန်ခေါ်မှုတွေရှိနေ

ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့လူဦးရေနေ့အဖြစ် မြန်မာနိုင်ငံမှာ ရှိတဲ့ UNFPA ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရံပုံငွေအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်ထဲမှာ မြန်မာနိုင်ငံမှာ လူဦးရေ တိုးပွားလာနေတာနဲ့အတူ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပြီး လူငယ်တွေရဲ့ ဘဝသာယာဝပြောရေး အတွက် ရင်းနှီးမြှုပ်နှံဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ဖေါ်ပြထားပါတယ်။

UNFPA အနေနဲ့ မြန်မာနိုင်ငံမှာ လူဦးရေ စာရင်းဇယားကောက်ယူမှု၊ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ကျားမ တူညီမှု စတဲ့ကိစ္စတွေကို ပံ့ပိုးကူညီနေတယ်လို့ လက်ထောက် ဌာနေ ကိုယ်စားလှယ် ဒေါက်တာနေဝင်းက ပြောပါတယ်။

ဒီလို လုပ်ဆောင်ရာမှာ သူတို့အနေနဲ့ ရံပုံငွေ ကျွမ်းကျင်သူ စတဲ့ လိုအပ်ချက်တွေ ရှိနေတဲ့အတွက် ရည်မှန်းချက်ပြည့်မှီအောင် မလုပ်နိုင်ဘူးလို့ ပြောပါတယ်။

ဥပမာ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်လို့ ဝန်ဆောင်မှုပေးတာမျိုး၊ ပညာပေးမှုမျိုးစတဲ့ လုပ်ငန်းတွေကို UNFPA အနေနဲ့ တနိုင်ငံလုံးရဲ့ ၃၀ ရာခိုင်နှုံးလောက်သာ လုပ်နိုင်သေးတယ်လို့ ဆိုပါတယ်။

ထောင်စုနှစ် ရည်မှန်းချက်တွေ ဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး၊ မိခင်နဲ့ ကလေး သေဆုံနှုံးကျဆင်းရေး စတာတွေကို အချိန်မှီလုပ်ဆောင်နိုင်ရေးမှာ ရင်ဆိုင် ရမဲ့ အခက်အခဲတွေ ရှေ့မှာ အများကြီးရှိနေတယ်လို့ UNFPA ရဲ့ ကြေငြာချက်မှာ ဖေါ်ပြခဲ့ပါတယ်။