အိုင်ယာလန် ငွေချေးနိုင်မှု အဆင့်နှိမ့် သတ်မှတ်ခံရ

Image caption အိုင်ယာလန်အတွက် ငွေကြေး အကူအညီ စီမံကိန်း တခု နောက်ထပ်လိုမယ်လို့ ယူဆရ

ငွေကြေးဆိုင်ရာ အဆင့်သတ်မှတ်တဲ့ နိုင်ငံတကာ အေဂျင်စီကြီး ဖြစ်တဲ့ Moody's က ငွေချေးရင် ဆုံးဖို့ အလားအလာ များတဲ့ နိုင်ငံ အဖြစ် အိုင်ယာလန် သမ္မတနိုင်ငံကို အဆင့်နှိမ့် သတ်မှတ်လိုက်ပါတယ်။

ဒီလို သတ်မှတ်လိုက်တဲ့အတွက် အိုင်ယာလန် သမ္မတ နိုင်ငံအနေနဲ့ ငွေချေးငှားဖို့ ပိုအခက်အခဲ တွေ့သွားမှာ ဖြစ်ပါတယ်။

ကာလရှည် မတည် ငွေရင်း ရနိုင်တဲ့ စျေးကွက်ထဲ အိုင်ယာလန် သမ္မတနိုင်ငံ ပြန်ဝင်လာနိုင်ဖို့ နောက်ထပ် ငွေကြေး အကူအညီပေးမဲ့ စီမံကိန်း တခု ထပ်လိုကောင်း လိုနိုင်တယ်ဆိုတဲ့ အလားအလာတွေ တိုးပွားလာနေတာအပေါ် အခြေခံပြီး Moody's က အခုလို ဆုံးဖြတ် ခဲ့တာလို့ ဆိုပါတယ်။

အိုင်ယာလန် သမ္မတ နိုင်ငံအပေါ် လက်ရှိ အကူအညီပေးနေတဲ့ EU ဥရောပ သမဂ္ဂနဲ့ IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့တို့ရဲ့ ငွေကြေး စီမံကိန်းက လာမဲ့ ၂၀၁၃ ခုနှစ် နှောင်းပိုင်း လောက်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

ချေးငွေ ပြဿနာဟာ အီတလီနဲ့ စပိန်နိုင်ငံတွေကို ပျံ့နှံ့သွားနိုင်တယ် ဆိုပြီး စိုးရိမ်မှုတွေ ဖြစ်နေကြချိန်မှာပဲ Moody's ရဲ့ ဆုံးဖြတ်ချက် အခုလို ပေါ်ထွက်လာတာပါ။

Moody's ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပေါ်တူဂီနိုင်ငံကိုလည်း အလားတူ အဆင့် သတ်မှတ်ခဲ့တဲ့အတွက် EU ဥရောပ သမဂ္ဂ ရဲ့ ဝေဖန် ပြောဆိုမှုကို ခံခဲ့ရပါတယ်။