ကင်ဒါဟာ ဗလီ ဗုံးခွဲမှုအတွင်း လူ၅ဦးသေ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပေါက်ကွဲမှု ဖြစ်ရာနေရာမှာ လုံခြုံရေးတွေ တင်းတင်း ကြပ်ကြပ် ချထား

အာဖဂန်နိုင်ငံ တောင်ပိုင်းမှာ သမ္မတ Hamid Karzaiရဲ့ ဖအေတူ မအေကွဲ ညီ တော်သူရဲ့ အသုဘ အောက်မေ့ဘွယ် ဝတ်ပြု ပွဲအတွင်း ဗုံးခွဲ တိုက်ခိုက်မှု တခု ဖြစ်ပွားခဲ့ရာမှာ ကလေး တစ်ဦး အပါအဝင် လူ၅ ဦး သေဆုံးသွားပါတယ်။

အသေခံ ဗုံးဖေါက်သူကို ဗလီ အဝင်ဝမှာ တား ဆီးစဉ် သူ့ခေါင်းပေါင်းထဲ ဖွက်ယူလာတဲ့ ဖေါက်ခွဲ ရေး ပစ္စည်းကို စနက်တံ ဖြုတ် ဖေါက်ခွဲ ခဲ့တာလို့ သတင်းတချို့က ဆိုပါတယ်။

တချို့ သတင်းတွေကတော့ အဲဒီလူဟာ ကင်ဒါဟာ ပြည်နယ် အစ္စလာမစ် ကောင်စီ အကြီး အကဲ Hekmatullah Hekmat ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး သေဆုံးသွားသူတွေ ထဲမှာ Hekmatullah Hekmat ပါတယ်လို့ ဆိုပါတယ်။

ဝတ်ပြုပွဲ ကျင်းပနေတဲ့ ဗလီထဲမှာ အဲဒီအချိန်က သမ္မတ Karzaiရဲ့ ညီ ၄ဦးနဲ့ ကင်ဒါဟာ ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ ရှိနေပေမဲ့ ထိခိုက် ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း လူ၁၅ဦး ဒဏ်ရာ ရသွားတယ်လို့ ကင်ဒါဟာ ပြည်နယ် အုပ်ချုပ်ရေး မှူးက ပြောပါတယ်။

လောလောဆယ်မှာတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အုပ်စုကမှ ဝန်ခံ ပြောဆိုတာမျိုး မရှိသေးပါဘူး။

အဲဒီနောက်မှာ ကင်ဒါဟာ မြို့လယ်မှာလည်း ပေါက်ကွဲမှု တခု ဖြစ်ခဲ့ရာမှာ လူတစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရသွားတယ်လို့ ကင်ဒါဟာ ရဲချုပ်က ပြောပါတယ်။