News International အကြီးအကဲ ရာထူးက နှုတ်ထွက်

Brooks ဓာတ်ပုံ မူပိုင် AFP
Image caption Rebekah Brooks ကို Rupert Murdoch က အပြည့်အဝ ထောက်ခံခဲ့

ဗြိတိန်နိုင်ငံမှာ ဖုန်းထဲက သတင်း အချက် အလက်တွေ ခိုးယူခဲ့လို့ အကြီးအကျယ် သိက္ခာကျနေရတဲ့ News International ကုမ္ပဏီရဲ့ အမှုဆောင် အကြီးအကဲ Rebekah Brooks ဒီကနေ့ သောကြာနေ့ မှာပဲ ရာထူး ကနေ နှုတ်ထွက်သွားပါပြီ။

ဖုန်းထဲက သတင်း အချက်အလက်တွေ တရား မဝင် ရယူခဲ့မှု အရှုပ်တော်ပုံကြီး တစတစ ကြီးထွားလာတာနဲ့ အမျှ Rebekah Brooks ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဖိအားပေးမှုတွေ ပိုများလာခဲ့အပြီး ရက်ပေါင်းအကြာမှာပဲ အခုလို နှုတ်ထွက် သွားခဲ့တာပါ။

ဒီပြဿနာကြောင့် ထိခိုက် နစ်နာခဲ့သူတွေ အတွက် သူ့မှာ တာဝန်ရှိတယ်လို့ ခံစားမိကြောင်း နဲ့ အခုမှ သိလာရတဲ့ အဲဒီတုန်းက ဖြစ်ရပ်တွေအတွက် သူ့အနေနဲ့ အတော့်ကို စိတ်မကောင်း ဖြစ်မိကြောင်း Rebekah Brooks က ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

News International ကုမ္ပဏီကြီးမှာ အလုပ်လုပ်လာတာ နှစ်ပေါင်း ၂၂ နှစ် ရှိသွားပြီ ဖြစ်တဲ့ Rebekah Brooks အနေနဲ့ ကုမ္ပဏီအပေါ် နိုင်ငံတကာ ဖိအားပေးမှုတွေ တိုးပွားလာနေတာမို့ အခုလို အရှုံးပေး နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

လူသတ်ခံခဲ့ရတဲ့ ကလေးမလေး Milly Dowler ရဲ့ ဖုန်းထဲက သတင်း အချက်အလက် တွေ အခိုးခံရချိန် ၂၀၀၀ - ၂၀၀၃ ခုနှစ်အတွင်းတုန်းက Rebekah Brooks ဟာ News of the World သတင်းစာမှာ အယ်ဒီတာ အဖြစ် လုပ်နေတာပါ။

ဒါပေမဲ့ အဲဒီအချိန်က ဖြစ်ပျက်ခဲ့တာတွေကို သူလုံးဝ မသိပါဘူးလို့ Rebekah Brooks က တွင်တွင်ငြင်းခဲ့ပြီး Rupert Murdoch ကလည်း သူ့ဘက်က အပြည့်အဝ ထောက်ခံခဲ့တာပါ။

အခုတော့ သူ့နေရာမှာ News International ကုမ္ပဏီရဲ့ အီတလီ အသံလွှင့်ဌာနက Tom Mockridge ကို အစားထိုး ခန့်အပ်လိုက်ပါပြီ။

Rebekah Brooks ရာထူးကနေ နှုတ်ထွက်သွားတာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဝန်ကြီးချုပ် David Cameron က ယူဆကြောင်း သူ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

News Corporation ရဲ့ ဥရောပဆိုင်ရာ အမှုဆောင် အကြီးအကဲလည်းဖြစ် Rupert Murdoch ရဲ့ သားလည်းဖြစ်တဲ့ James Murdoch ကတော့ Rebekah Brooks ဟာ သူ့မျိုးဆက်ကာလအတွင်း ထူးချွန် ပြောင်မြောက်တဲ့ အယ်ဒီတာ တဦးဖြစ်တယ်လို့ News International ဝန်ထမ်းတွေကို ပေးပို့တဲ့ ကြေညာချက်ထဲမှာ ချီးကျူး ဖေါ်ပြ ထားပြီး အခု ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံကို ဝန်ချ တောင်းပန်တဲ့ ကြော်ငြာစာတွေကို သီတင်းပတ်ကုန်ထွက်မဲ့ သတင်းစာတွေ အားလုံးမှာ ဖေါ်ပြသွားမယ်လို့လည်း ပြောသွား ပါတယ်။

လာမဲ့ အင်္ဂါနေ့ကျရင်တော့ Rupert Murdoch နဲ့ သားဖြစ်သူ James Murdoch တို့ ဒီအရှုပ်တော်ပုံကြီးနဲ့ ပတ်သက်လို့ ပါလီမန် လွှတ်တော်အမတ်တွေရဲ့ မေးမြန်း စစ်ဆေးမှုတွေကို သွားရောက် အစစ်ခံရဖို့ ရှိပါတယ်။