ဗြိတိန်က ရဲမင်းကြီး နှုတ်ထွက်

Image caption ရဲမင်းကြီး ရာထူးက နှုတ်ထွက်ကြောင်း ကြေညာ

ဗြိတိန်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး ရဲမင်းကြီး Sir Paul Stephenson ရာထူးက နှုတ်ထွက်သွားပါပြီ။

လန်ဒန်မြို့ကို တာဝန်ယူရတဲ့ မက်ထရိုပိုလီတန်ရဲ အဖွဲ့ရဲ့ ရဲမင်းကြီး Sir Paul ဟာ ရူးပတ်မားဒေါ့ရဲ့ ဗြိတိန်ထုတ် သတင်းစာတိုက်က သတင်းသမား တွေရဲ့ သူများ ဖုန်း ကြားဖြတ်ခိုးနားထောင်မှု၊ ရဲကိုလာဘ်ထိုးမှု စတဲ့ အရှုပ်တော်ပုံတွေမှာ ရဲကတာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရာထူးက နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

ရဲနဲ့ ရူးပတ်မားဒေါ့ပိုင်ဆိုင်တဲ့ News International တို့ ပတ်သက်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုချက်တွေနဲ့ လွန်ခဲ့တဲ့ သီတင်းပတ်တုန်းက အဖမ်းခံခဲ့ရတဲ့ သတင်းထောက်ဟောင်း Neil Wallis ကို ရဲတပ်ဖွဲ့မှာ အလုပ်ခန့်ထားမှုနဲ့ ပတ်သက်လို့ သူ့မှာ အမှားအယွင်း မရှိပါဘူးလို့ ဆာပေါလ်က ပြောပါတယ်။

စောစောပိုင်းကတော့ ဖုန်းကြားဖြတ်ခိုး နားထောင်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှု အပိုင်းမှာ အားနည်းခဲ့ပါတယ်လို့ ရဲက ဝန်ခံခဲ့ပါတယ်။

အခုဆိုရင် သတင်းထောက်တွေ ဆီက ရဲက ငွေယူခဲ့တယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုချက် တွေလည်း ထွက်ပေါ် နေပါတယ်။

အစောပိုင်းတုန်းကလည်း ဖုန်းကြားဖြတ်ခိုး နားထောင်မှု ၊ ရဲကို လာဘ်ထိုးမှု တွေ အပေါ် မသင်္ကာမှုနဲ့ မစ္စတာ မားဒေါ့ရဲ့ ထိပ်တန်း အမှုဆောင် အရာရှိချုပ် Rebekah Brooks ကို လန်ဒန်မှာ ဖမ်းဆီးခဲ့ပါတယ်။