ကမ္ဘာ့​မီ​ဒီ​ယာ သူဌေး​ကြီး​များ

ယူကေမှာ ရပ်နားသွားပြီဖြစ်တဲ့ News of the World သတင်းစာက တယ်လီဖုန်းတွေကို ကြားဖြတ် နားထောင်လို့ သတင်းတွေကို ရေးသား တင်ဆက်ခဲ့ပြီး နောက်မှာ အဲဒီသတင်းစာပါဝင်တဲ့ News Corporation မီဒီယာလုပ်ငန်းစုကြီးရဲ့ ပိုင်ရှင် ရူးပတ် မားဒေါ့နဲ့ အတူ ကမ္ဘာ့ မီဒီယာ လုပ်ငန်းရှင်တွေ အကြောင်းကို ဘီဘီစီက စာရင်း တခု ပြုစုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ယူကေမှာ သတင်းစာတွေထဲကနေ ပြည်သူ တွေကို တောင်းပန်ခဲ့တဲ့ ရူးပတ် မားဒေါ့

ရူးပတ် မားဒေါ့ဟာ အမေရိကန် နိုင်ငံသား ဖြစ်ပေမယ့် အမေရိကန်မှာတော့ အချမ်းသာဆုံး မီဒီယာသူဌေး မဟုတ်ပါဘူး၊ အချမ်းသာဆုံးက သတင်းစာလုပ်ငန်းရှင် James M Cox ရဲ့ သမီးဖြစ်သူ သတင်းစာတွေ၊ ရေဒီယိုတွေ၊ ရုပ်သံလိုင်းတွေ များစွာပိုင်တဲ့ Cox Enterprises ကြီးရဲ့ အဓိကပိုင်ရှင် Anne Cox Chambers ဖြစ်ပါတယ်။ သူက အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄ ဘီလီယံ ချမ်းသာပါတယ်။

အရှေ့တောင်အာရှက အချမ်းသာဆုံး မီဒီယာသူဌေးကတော့ မလေးရှားရဲ့ အချမ်းသာဆုံးလူ မလေး-တရုတ်ကပြား Tiong Hiew King ဖြစ်ပါတယ်။ သူက အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ချမ်းသာပါတယ်။ သူရဲ့ Pacific Ming Pao Group က နေ့စဉ် သတင်းစာ ငါးစောင်နဲ့ မဂ္ဂဇင်းပေါင်း ၃၀ လောက်ကို တရုတ်ဘာသာနဲ့ ရိုက်နှက်ထုတ်ဝေပါတယ်။

သူ့သတင်းစာတွေကို မလေးရှား၊ ဟောင်ကောင်နဲ့ ဆန်ဖရန်စစ္စကို၊ နယူးယောက်ခ်၊ တိုရန်တို၊ ဗန်ကူးဗားအပါအဝင် မြောက်အမေရိက ကို ဖြန့်ချိရောင်းချပါတယ်။

ရုရှမှာတော့ မီဒီယာတွေကို အစိုးရက ပိုင်ပါတယ်။ လက်ရှိဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်တုန်းက နာမည်ကျော် ရုပ်သံတွေဖြစ်တဲ့ NTV နဲ့ ORT တို့ကို အစိုးရပိုင်အဖြစ် လုပ်ပစ်ခဲ့ပါတယ်။ အခု ၂၀၁၁ ခုနှစ်မှာလည်း ရုပ်သံတွေကို အစိုးရ မူဝါဒတွေနဲ့ ချုပ်ကိုင်ထားပါတယ်။

ဘရာဇီးမှာလည်း မီဒီယာတွေကို မိသားစုလုပ်ငန်းစု သုံးလေးခုကပဲ ပိုင်ဆိုင်ပါတယ်။ ဘရာဇီးရုပ်သံလောကမှာဆိုရင် Marinho မိသားစုက စျေးကွက်ရဲ့ ၃၈ ဒသမ ၇ ရာခိုင်နှုန်း၊ Edir Macedo က ၁၆ ဒသမ ၂ နဲ့ Silvio Santos က ၁၃ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ကြပါတယ်။

လက်တင် အမေရိကနဲ့ အာဖရိကဘက်မှာလည်း မီဒီယာတွေကို လုပ်ငန်းစုတစု၊ မိသားစု တခုကပဲ ချုပ်ကိုင်ထားတာကို လေ့လာတွေ့ရှိရပါတယ်။