ဖုန်းကိစ္စမှာ သူတာဝန်မရှိဘူးလို့ Murdoch ပြော
မီဒီယာ သူဌေးကြီး Rupert Murdoch က သူ့ရဲ့ News of the World သတင်းစာ လုပ်ခဲ့တဲ့ ဖုန်းကိစ္စ အရှုပ်တော်ပုံကြီးနဲ့ ပတ်သက်လို့ သူ့မှာ တာဝန်မရှိဘူးလို့ ဗြိတိသျှ ပါလီမန် ကော်မီတီကို ပြောကြားသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA
Rupert Murdoch ရော သားဖြစ်သူကပါ တောင်းပန် စကား ပြောခဲ့ကြ
အဲဒီ သတင်းစာကြီးမှာ ဖြစ်ပျက်နေခဲ့တာကို သူ့အနေနဲ့ မသိလိုက်တာမျိုး ဖြစ်ခဲ့ဘွယ် ရှိကြောင်း၊ ဒါပေမဲ့လည်း News of the World သတင်းစာ ဟာ ကမ္ဘာတဝှမ်းမှာ ရှိတဲ့ သူ့မီဒီယာ လုပ်ငန်းကြီး ရဲ့ တစ်ရာခိုင်နှုန်းကိုတောင် ကိုယ်စား မပြုပါကြောင်း Mr Murdoch က ပြောသွားပါတယ်။
သူယုံကြည် စိတ်ချထားသူတွေလက်ထဲ လွှဲထား ခဲ့ရာမှာ အခုလို ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။
ဒါပေမဲ့လည်း အခုလို ကြားနာစစ်ဆေးမှု ခံရတာဟာ သူ့အတွက် နိဝါတတရား အရှိရဆုံးနေ့ ဖြစ်တယ်လို့ Mr Murdoch က ဖေါ်ညွှန်း ပြောဆိုသွားပါတယ်။
အသတ်ခံခဲ့ရတဲ့ ကျောင်းသူ မိန်းကလေး Milly Dowler ရဲ့ဖုန်းထဲက သတင်း အချက် အလက်တွေကို News of the World သတင်းစာ က တရားမဝင် ယူခဲ့တယ်ဆိုတာကို သူကြားသိခဲ့ရချိန်မှာ သူထိတ်လန့် သွားပြီး အတော်လေး အရှက်ရသွားတယ်လို့ Mr Murdoch က ပြောသွားပါတယ်။
သူရော သူ့မီဒီယာ အင်ပါယာမှာ ထိပ်တန်း အမှုဆောင် အကြီးအကဲ တဦးဖြစ်တဲ့ သူ့သား James ကပါ လှိုက်လှိုက်လှဲလှဲ ဝန်ချ တောင်းပန်သွားခဲ့ပါတယ်။
အခုလို ပါလီမန်အမတ်တွေ ရှေ့မှာ ကြားနာ စစ်ဆေးခံရတာဟာ ဗြိတိန်နိုင်ငံမှာ Mr Murdoch မီဒီယာ လုပ်ငန်းတွေ လုပ်ခဲ့တဲ့ နှစ်ပေါင်း ၄၀ကျော်အတွင်း ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
တခါ ကြားနာစစ်ဆေးပွဲ ကျင်းပနေချိန်မှာ လူထု နားထောင်လို့ရတဲ့ နေရာကနေ လူတယောက် Mr Murdoch ဆီ လျှောက်လာပြီး မုတ်ဆိတ်ရိတ်ရာမှာ သုံးတဲ့ ခရိမ်းမ် အမြုပ်တွေ ထည့်ထားတဲ့ ပန်းကန်ပြားနဲ့ ပစ်ပေါက်ခဲ့ရာမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး ဒီကြားနာ စစ်ဆေးပွဲကို ၁၅ မိနစ်လောက် ယာယီ ရပ်ဆိုင်းခဲ့ရပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Reuters
Mr Murdoch ကို လူတယောက် ဝင်တိုက်ခိုက် ခဲ့လို့ ကြားနာ စစ်ဆေးပွဲ ခေတ္တ ရပ်ဆိုင်းခဲ့ရ
Mr Murdoch ရဲ့ မျက်နှာကို ထိသွားတယ်လို့ အဲဒီ ကြားနာစစ်ဆေးခန်းထဲမှာ ထိုင်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
အဲဒီ ဖြစ်ရပ် ဖြစ်ချိန်မှာ Mr Murdoch ရဲ့ အနောက် နားမှာ ထိုင်နေတဲ့ သူ့ဇနီးသည် Wendi က အတင်းဝင်ပြီး အဲဒီလူရဲ့ ခေါင်းကို ရိုက်ထည့် လိုက်တာ တွေ့ရပါတယ်။
အဲဒီနောက် အဲဒီလူကို ရဲတွေ ဖမ်းဆီးသွားပြီး ကြားနာ စစ်ဆေးပွဲ ပြန်စချိန်မှာ လူထုကို နားထောင်ခွင့် မပြုတော့ဘူးလို့ သိရပါတယ်။
အဲဒီနောက်မှာတော့ Rupert Murdoch ရဲ့ ဗြိတိသျှနိုင်ငံထုတ် သတင်းစာ ကုမ္ပဏီရဲ့ အမှုဆောင်အကြီးအကဲဟောင်း Rebekah Brooks ကို ပါလီမန် အမတ်တွေက စစ်ဆေးမေးမြန်းခဲ့ကြပါတယ်။
News of the World သတင်းစာ အယ်ဒီတာဟောင်း တဦးဖြစ်သူ Mrs Brooks ကလည်း ဖုန်းထဲကနေ သတင်းအချက်အလက်တွေ အခိုးခံခဲ့ရသူတွေကို Mr Murdoch လိုပဲ တောင်းပန်စကား ပြောသွားပါတယ်။
ဓာတ်ပုံ ရင်းမြစ်, PA
News of the World သတင်းစာ အယ်ဒီတာ ဟောင်း ကလည်း သူဘာမှ မသိခဲ့ဘူးလို့ ပြော
ဖုန်းထဲက သတင်း အချက်အလက်တွေ တရားမဝင် ရယူခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရရချင်းမှာပဲ သူနဲ့ တခြား အမှုဆောင် အကြီးအကဲတွေက လျင်လျင်မြန်မြန် ပြတ်ပြတ် သားသား အရေးယူ ဆောင်ရွက်ခဲ့ကြတယ်လို့ Mrs Brooks က ပြောပါတယ်။
ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ စကား ရှေ့နောက်မညီပဲ ကုမ္ပဏီအနေနဲ့ တုန့်ပြန် ဆောင်ရွက်မှု သိပ်နှေးလွန်းခဲ့တယ်လို့လည်း ပြောသွားပြန်ပါတယ်။
News of the World သတင်းစာက အလွတ် စုံစမ်းထောက်လှမ်းသူတွေ အသုံးပြုနေတယ် ဆိုတာကို သူ့အနေနဲ့ သိထားခဲ့ကြောင်း၊ ဒါပေမဲ့လည်း ၂၀၀၇ ခုနှစ်တုန်းက ဖုန်းထဲက သတင်း အချက်အလက်တွေ တရားမဝင် ရယူခဲ့သူ အလွတ် စုံစမ်း ထောက်လှမ်းရေးသမား Glenn Mulcaire နဲ့ သူဘယ်တုန်းကမှ မတွေ့ဆုံခဲ့ဖူးဘူးလို့ Mrs Brooks က အစစ်ခံ သွားပါတယ်။
ဒီအရှုပ်တော်ပုံကိစ္စနဲ့ ပတ်သက်လို့ ရာထူးကနေ နှုတ်ထွက် သွားခဲ့ကြတဲ့ ထိပ်တန်း အဆင့် ရဲမင်းကြီး ၂ဦးလည်း အစောပိုင်းတုန်းက တခြား ပါလီမန် ကော်မီတီတခုရှေ့မှာ စစ်ဆေးခံ ခဲ့ကြပါတယ်။