နော်ဝေးအကြမ်းဖက်မှုတွေမှာ သေဆုံးသူ ၉၂ ဦးရှိပြီ

နော်ဝေးနိုင်ငံမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု နှစ်ခု အတွင်း အနည်းဆုံး လူ ၉၂ ဦး သေဆုံးသွားပြီဖြစ်ပြီး၊ ဒီတိုက်ခိုက်မှုအတွက် နော်ဝေး အမျိုးသားတဦးကို နိုင်ငံရဲ့အကြမ်းဖက်မှုဆိုင်ရာ ဥပဒေနဲ့ ရဲက စွဲချက်တင် လိုက်ပါပြီ။

ဒီ သံသယရှိသူ အမျိုးသားရဲ့ နာမည်ဟာ Anders Behring Breivik ဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖေါ်ပြခဲ့ပြီး၊ သူဟာ အမျိုးသားရေး အစွန်းရောက် အမြင်ရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အော်စလိုမြို့လယ်က အဆောက်အဦမှာ အရင်ဆုံးအနေနဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် လူ ၇ ယောက် သေဆုံးခဲ့ပြီး အတော်များများ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် အနီးက နာမည် အကြီးဆုံး သတင်းစာတိုက်နဲ့ ဝန်ကြီးချုပ် ရုံးအပါအဝင်၊ အစိုးရပိုင် အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။

လူငယ်စခန်းကို ဝင်ပစ်

ဓာတ်ပုံ မူပိုင် AFP
Image caption လူငယ်စခန်းကို ဝင်ပစ်သူဟာ အသက် ၃၂ နှစ် အရွယ် နော်ဝေးနိုင်ငံသား Anders Behring Breivik ဖြစ်ပါတယ်

နောက်နှစ်နာရီလောက် အကြာမှာ အော်စလိုမြို့ မြောက်ဖက် ကျွန်းတခုက အာဏာရပါတီရဲ့ လူငယ်တွေ စခန်းသွင်း တွေ့ဆုံပွဲ လုပ်နေတဲ့ နေရာမှာ လူတွေ အစုလိုက် အပြုံလိုက်ကြား သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၈၄ သေဆုံးသွားပြီး အတော်များများ ဒဏ်ရာရခဲ့ပါတယ်။

မြို့တော်က ဗုံးခွဲ တိုက်ခိုက်မှုအကြောင်း ဆွေးနွေးဖို့ စုဝေးလာချိန်မှာ အဲဒီ လူအုပ်ထဲကို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ မျက်မြင် သက်သေ တယောက် ပြောပြချက်အရ လက်နက် အတော်များများနဲ့ ရဲ ဝတ်စုံ ဝတ်ထားတဲ့ လူတယောက်က တွေ့သမျှ မြင်မြင်ကရာကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကျွန်းပေါ်က ရဲက အဲဒီလူကို ဖမ်းလိုက်တယ်လို့ သိရပါတယ်။ ဒီလူဟာ အသက် ၃၂ နှစ်အရွယ် နော်ဝေနိုင်ငံသား Anders Behring Breivik ဖြစ်တယ်လို့ တရားရေး ဝန်ကြီး Knut Storberget က ပြောပါတယ်။

အစ္စလာမ် အစွန်းရောက်တွေနဲ့ မဆက်စပ်နိုင်

ဒါကြောင့် အစောပိုင်းတုန်းက ယူဆထားကြသလို အစ္စလာမ္မစ် ဝါဒီတွေရဲ့ လက်ချက် ဖြစ်လေမလားဆိုတဲ့ အချက်ကတော့ ဝေးသွားသလို ရှိပါပြီ။

နော်ဝေးဟာ နေတိုး အဖွဲ့ဝင် ဖြစ်ပြီး လောလောဆယ် အာဖဂန်နစ္စတန်နဲ့ လစ်ဗျား စစ်ဆင်ရေးတွေ မှာ ပါဝင်နေတာလဲ ဖြစ်ပါတယ်။

တခါ မကြာသေးခင် နှစ်တွေက ဒိန်းမတ် ကာတွန်းဆရာတယောက်က မူဆလင်တွေရဲ့ တမန်တော် မိုဟာမက်ပုံကို ကာတွန်းဆွဲ ပြောင်လှောင်ခဲ့လို့ မူဆလင်တွေ က ဒေါသထွက်ပြီး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီ ကာတွန်းတွေကို နော်ဝေး သတင်းစာတချို့ကလဲ ပြန်ပြီး ပုံနှိပ်ဖော်ပြခဲ့တာရှိလို့ အစ္စလာမ် အစွန်းရောက်တွေက အခု အကြမ်းဖက်မှုကို ကျူးလွန်လေသလားလို့ သံသယ ရှိကြတာပါ။

မနေ့က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ၂ ခုဟာ ဆက်စပ်နေတယ်လို့ နော်ဝေး အရာရှိတွေက ပြောပါတယ်။ ဖမ်းမိထားတဲ့ လူတယောက်ထဲကပဲ ၂ ခုစလုံး စီစဉ်ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေလဲ ရှိပါတယ်။ ဒီလူနဲ့ ကြံရာပါတွေ ရှိနေသေးလားဆိုတာ တော့ မသိရသေးပါဘူး။

စနစ်တကျ ကြိုတင်စီစဉ်

ဒီတိုက်ခိုက်မှုတွေဟာ စနစ်တကျ စီစဉ်ထားပုံလဲ ရပါတယ်။

Image caption မြို့တော် ဗုံးခွဲမှုမှာတော့ အနဲဆုံး ၇ ဦးသေဆုံး

တိုက်ခိုက်တဲ့ နေရာတွေကို ကြည့်ရင်လဲ ဝန်ကြီးချုပ်ရုံးနားမှာတခါ၊ နောက် ဝန်ကြီးချုပ်ကိုယ်တိုင် လာ တက်မယ်လို့ သတင်းထွက်နေတဲ့ အာဏာရပါတီရဲ့ လူငယ်တွေ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်နေရာ နေရာတွေ ဖြစ်နေတယ်ဆိုတော့ နိုင်ငံရေးအရ မကြေနပ်မှု အခြေခံနဲ့ တိုက်ခိုက်တယ်လို့ လောလောဆယ် ယူဆစရာ ဖြစ်နေပါတယ်။

ဒီ ဗုံးခွဲမှုနဲ့ သေနတ် ပစ်ခတ် တိုက်ခိုက်မှုတွေဟာ ကြောက်မက်ဖွယ် ၊ သူရဲဘော ကြောင်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒီမိုကရေစီ ထွန်းကားမှုကို တိုက်ခိုက်တာ ဖြစ်တယ်လို့ နော်ဝေ ဝန်ကြီးချုပ် Jens Stoltenberg ဂျန်းစ် စတိုလ်တန် ဘာ့ဂ်က ပြောကြား လိုက်ပါတယ်။