တောင်တရုတ်ပင်လယ်အရေး ကလင်တန်ဆွေးနွေး

ဓာတ်ပုံ မူပိုင် AFP
Image caption ပင်လယ်ပြင်ပိုင်ဆိုင်မှုမှာ တရားဝင် အထောက် အထား ပြဖို့လိုတယ် (မစ္စစ်ကလင်တန်)

တောင်တရုတ်ပင်လယ်မှာ သူပိုင်ငါပိုင် အငြင်းပွားနေကြတဲ့ ရေပိုင်နက် ကိစ္စနဲ့ ပတ်သက်ပြီး၊ သက်ဆိုင်ရာ နိုင်ငံတွေ အနေနဲ့ ဥပဒေကြောင်းအရ တရားဝင် အထောက်အထားတွေ ပြဖို့ကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်း လိုက်ပါတယ်။

သဘာဝ သယံဇာတတွေ ကြွယ်ဝတယ်လို့ ယူဆရတဲ့ ပင်လယ်ပြင်မှာ တရုတ်သင်္ဘောတွေရဲ့ နှောက်ယှက်မှုကို ခံခဲ့ရတယ်လို့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက မကြာသေးခင်က ပြောကြားထားပါတယ်။

တောင်တရုတ် ပင်လယ်ပြင်မှာ အခုလို ဖြစ်ပျက်နေတဲ့ အငြင်းပွားမှုတွေဟာ အာရှပစိဖိတ် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နိုင်တယ်လို့ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်က အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပနေတဲ့ အေအာရ်အက်ဖ် အာဆီယံ ဒေသတွင်း ဆွေးနွေးပွဲမှာ ပြောကြားသွားတာပါ။

နောက်ပြီး အခုကိစ္စရပ်တွေ အပေါ် ငြိမ်းချမ်းစွာ အဖြေရှာရေးဟာ အမေရိကန် ပြည်ထောင်စု ရဲ့ရည်မှန်းချက် ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာ့အရေး

မြောက်ကိုးရီးယား နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ရပ်တန့်နေတဲ့ ဆွေးနွေးပွဲတွေ ပြန်မစခင်မှာ မြောက်ကိုးရီးယား အနေနဲ့ တောင်ကိုရီးယားနဲ့ ဆက်ဆံရေး ပြေလည် လာကောင် ပိုမိုလုပ်ဆောင်ပြရမယ်လို့ မစ္စစ်ကလင်တန်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး၊ မစ္စစ်ကလင်တန်က မြန်မာနိုင်ငံဟာ အလွန်တရာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွ အခြေအနေကို ရောက်ရှိနေပြီလို့ ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ နေရာမှာ လုံလောက်တဲ့ တိုးတက်မှုတွေ ရှိတယ်ဆိုတာကို အခိုင်အမာ ပြဆို လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

အဲဒါကတော့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးပြီး၊ အတိုက်အခံတွေနဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပြဖို့ ဖြစ်ပါတယ်။