လက်ယာ အစွန်းရောက် ဝါဒီတွေရဲ့လှုပ်ရှားမှု

Andres Behring Brevik ဓာတ်ပုံ မူပိုင် BBC World Service
Image caption Andres Behring Brevik

Andres Behring Brevik လို အမျိုးသားရေး လက်ယာအစွန်းရောက် ဝါဒီတွေရဲ့လှုပ် ရှားမှုတွေနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေက ရဲတွေစိုးရိမ်နေ ကြတာအချိန် အတော်ကြာပါပြီ။သူ့အရင် ၁၉၉၅ ခုနှစ် တုန်းကလည်း အမေရိကန် ပြည်ထောင်စု အိုကလာဟိုးမားမှာ Timothy McVeigh ဆိုသူက လူ ၁၆၈ ဦးသေဆုံး ခဲ့ရတဲ့ ဗုံးခွဲမှုကို ကျူးလွန်ခဲ့ဘူးပါတယ်။

သူတို့တွေက နိုင်ငံခြားသားတွေဝင်ရောက်အခြေချတာ အထူးသဖြင့် အစ္စလာမ် ဘာသာဝင်တွေပြောင်းရွှေ့လာတာကို မကျေနပ်ကြဘဲ၊ ဒီလိုပြောင်း လာတဲ့သူတွေကိုလက်ခံ ခွင့်ပြုတယ်ဆိုပြီး အစိုးရတွေကို အဓိကရန်သူ အဖြစ်သတ်မှတ်ခဲ့ကြတာကို တွေ့နိုင်ကြောင်းဘီဘီစီသတင်းထောက်Gavin Hewitt ကဆိုပါတယ်။

Andres Brevik ဟာ လွန်ခဲ့တဲ့သုံးနှစ်လောက်ကစပြီး သူ့အယူအဆနဲ့ပတ်သက်တဲ့ စာတမ်းကိုရေး နေခဲ့တာပါ။ သူကဥရောပမှာ အစ္စလာမ်ဝါဒ လွှမ်းမိုးလာတာကို တားဆီးဖို့ဆိုရင်၊ အဲဒီဝါဒပြန့်ပွား လာဖို့ဖြစ်နိုင်စေခဲ့တဲ့ နိုင်ငံရေး အယူအဆတွေကို အရင်တိုက်ဖျက် ရမယ်လို့ရေးခဲ့ပါတယ်။

Brevik ဟာ မာ့စ်ဝါဒီ အစ္စလာမ္မစ် တွေလို့သူခေါ်တဲ့ အခြေချနေထိုင်သူတွေနဲ့ ပတ်သက်တဲ့ သူ့နိုင်ငံရေးအယူ ဝါဒကို လူကြားထဲမှာထုတ်မပြောခဲ့ပါဘူး။ ဒါပေမယ့် သူ့အမြင်တွေကို အင်တာနက်ပေါ်မှာ တခြားသူတွေနဲ့ ငြင်းခုံ ဆွေးနွေးတာတွေ လုပ်ခဲ့သူတဦးကအဲဒီဝဘ်ဆိုက်မှာ Brevik ရဲ့အမြင်အယူအဆ တွေကို လက်ခံတဲ့ လူတွေက အများစု ဖြစ်နေတယ်လို့ ပြောပြပါတယ်။

နာဇီလက်သစ်ဝါဒီတွေလို့ တချို့ပညာရှင်တွေကခေါ်ကြတဲ့ အဖွဲ့အစည်း တွေဟာ ဆွီဒင်၊ နော်ဝေ စတဲ့နိုင်ငံ တွေမှာရှိနေပြီး နော်ဝေရဲတွေက ပြီးခဲ့တဲ့နှစ်အတွင်းလက်ယာစွန်း အမျိုးသားဝါ ဒီတွေရဲ့လှုပ်ရှားမှုနည်းနည်း ပိုများလာတယ်လို့ ပြောခဲ့ဘူးပါတယ်။ ဒီကြားထဲမှာ ဗြိတိသျှဝန်ကြီးချုပ်နဲ့ ဂျာမန်ဝန် ကြီးချုပ်တို့က လူမျိုးပေါင်းစုံ အတူယှက်တွဲ နေထိုင်ရေးမူဟာ တကယ်အလုပ်ဖြစ်ရဲ့လားဆိုတာကို မေးခွန်းထုတ် ခဲ့ကြတာဟာလည်း အစွန်းရောက် သမားတွေကိုတနည်းအားဖြင့်အားတက်စေသလို ဖြစ်နေတဲ့အကြောင်း ဘီဘီစီ သတင်းထောက်တဦးကဆိုပါတယ်။ Andres Behring Brevik ရဲ့လုပ်ရပ်ကို လူတိုင်းလိုလိုက ရှုတ်ချကြပေမယ့် ဥရောပအနေနဲ့ အခြေအနေ အရပ်ရပ်ကိုပြန်ပြီးသုံးသပ်ရမယ့် အနေအထားတော့ ရောက်နေပြီလို့ Gavin Hewitt ကသုံးသပ်ပါတယ်။