နော်ဝေးတိုက်ခိုက်သူ တကိုယ်တည်းလုပ်ဆောင်ခဲ့

နော်ဝေနိုင်ငံရဲ့ ပြည်တွင်းထောက်လှမ်းရေးအကြီးအကဲက ဘီဘီစီကို ပြောရာမှာ ပြီးခဲ့တဲ့ သောကြာနေ့က လူ အနည်းဆုံး ၇၆ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ မစ္စတာ အန်ဒါစ် ဘာရင်း ဘရစ်ဗစ်ခ်ဟာ အုပ်စုကွန်ယက်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်တာထက် သူတစ်ဦးတည်းပဲ ကြံစည် လုပ်ဆောင်ခဲ့ ပုံရတယ်လို့ ပြောပါတယ်။

လက်ယာစွန်း အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့တယ်ဆိုတာ ပြသနိုင်တဲ့ အထောက်အထား မတွေ့ရဘူးလို့ မစ္စ ဂျိန်း ခရစ်တီယန်ဆန် က ပြောပါတယ်။

နော်ဝေပြည်တွင်းထောက်လှမ်းရေးအဖွဲ့ကနေ အခုလက်ရှိ အဓိက စုံစမ်းစစ်ဆေးနေတာကတော့ ဗရစ်ဗစ်ခ်ပြောတဲ့ သူဟာ နော်ဝေးနိုင်ငံနဲ့ တခြားပြည်ပက လက်ယာ အစွန်းရောက်အဖွဲ့တွေနဲ့ ချိန်ဆက်လှုပ်ရှားခဲ့တယ်ဆိုတာ တကယ်တမ်း ဟုတ်မဟုတ်ဆိုတာကို စုံစမ်းစစ်ဆေးနေတာပါ။

ဘရစ်ဗစ်ခ် ကိုယ်တိုင်ကတော့ သူဟာ လွန်ခဲ့တဲ့ ၉ နှစ်က ဗြိတိန်က အစည်းအဝေးတွေကို တက်ခဲ့တယ်၊ နောက်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း လက်ယာ အစွန်းရောက် အင်္ဂလိပ်ကာကွယ်ရေးအဖွဲ့ချုပ် English Defence Leage ရဲ့ဆန္ဒပြ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နော်ဝေ လုံခြုံရေး အဖွဲ့တွေကတော့ ဒါကို ယုံကြည်ပုံ မရပါဘူး။

သူဟာ တခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လုပ်ဆောင်ခဲ့ရင် လုံခြုံရေးအဖွဲ့တွေဟာ သူ့ကို နဂိုကတည်းက သတိထားမိနိုင်ခဲ့မယ်လို့ ပြောပါတယ်။

နောက်ပြီး ဘရစ်ဗစ်ခ်ဟာ စိတ်ရောဂါရှိသူ ဖြစ်နိုင်တယ်လို့ သူ့ရဲ့ ရှေ့နေက ပြောတာကို ထောက်လှမ်းရေးအကြီးအကဲ မစ္စ ခရစ်တီယန်ဆန်ကတော့ အဲဒီလို မထင်ပါဘူး။ သူဟာ အရူးတစ်ယောက်မဟုတ်ပဲ သေသေချာချာ တိတိကျကျ ကြိုတင်ပြင်ဆင်ပြီး လုပ်တတ်တဲ့ ကြမ်းကြုတ်ရက်စက်သူ တစ်ယောက် ၊ နောက်ပြီး လူတွေရဲ့ အာရုံစိုက်မှုကို လိုလားနေသူတစ်ဦးလို့ ပြောပါတယ်။

တစ်ဘက်မှာလည်း နော်ဝေက လုံခြုံရေးကို အကြီးအကျယ်ပြန်လည် သုံးသပ်ဖို့ လိုနေပြီလို့လည်း မစ္စ ခရစ်တီယန်ဆန်က ပြောပါတယ်။ ဒါပေမယ့်လည်း လုံခြုံရေးကို တင်းတင်းကျပ်ကျပ် သိပ်လုပ်လွန်းရင်လည်း အရှေ့ဥရောပက ကွန်မြူနစ်နိုင်ငံတွေနဲ့ နော်ဝေဟာ ဘာမှ မခြားမလို ဖြစ်သွားမှာမို့ အဲဒီလိုတော့လည်း မလုပ်သင့်ဘူးလို့ နော်ဝေ ပြည်တွင်း ထောက်လှမ်းရေးအကြီးအကဲ မစ္စ ဂျိန်း ခရစ်တီယန်ဆန်က ဘီဘီစီကို ပြောပါတယ်။