SSA ဌာနချုပ်ကို ဝိုင်းထားတဲ့ အစိုးရ တပ်တချို့ ဆုတ်သွား

ဓာတ်ပုံ မူပိုင် shan herald
Image caption SSA တပ်သားတဦး

ရှမ်းပြည်နယ်မှာ ရှမ်းပြည် တိုးတက်ရေး ပါတီရဲ့ ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ မြန်မာအစိုးရကြား လေးလကြာတိုက်ပွဲတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အခုနောက်ဆုံး SSA ရဲ့ ဝမ်းဟိုင်းဌာနချုပ်ကို ဝိုင်းထားတဲ့ အစိုးရ တပ်ရင်း ၁၄ ရင်းအနက် ၇ ရင်းလောက် ရုတ်သွားပြီလို့ SSPP ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှုး စိုင်းလက ပြောပါတယ်။

အဲဒီတပ်တွေဟာ လွန်ခဲ့တဲ့ ၁၀ရက်လောက်က တပ်ချနေရာယူထားခဲ့တဲ့နေရာတွေကနေ ရုတ်သွားတာလို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို ကျေးသီးမြို့နယ်မှာ အခြေချပြီး ကွပ်ကဲနေတဲ့ ဗျူဟာမှုးလည်း တိုင်းဌာနချုပ်ကို ပြန်သွားပြီလို့ ကြားရကြောင်း ဗိုလ်မှုးစိုင်းလက ပြောပါတယ်။

ဒီလို အစိုးရတပ်တချို့ ရုတ်သိမ်းခဲ့တာဟာ နိုင်ငံတကာဖိအားပေးမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိအားပေးမှုနဲ့ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ၅ ခုရဲ့ ငြိမ်းချမ်းရေးကော်မရှင်ဖွဲ့ လုပ်ဆောင်ဖို့ ပြောဆို တိုက်တွန်းမှုကြောင့် ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေက အစိုးရဘက်က သံဃာတော် ၂ပါးကိုစေလွှတ်ပြီး ငြိမ်းချမ်းရေးကမ်းလှမ်းလာခဲ့တာနဲ့ပတ်သက်လို့တော့ နောက်ထပ် ဆက်သွယ်ပြောဆိုမှုတွေ မရှိဘူးလို့ ဆိုပါတယ်။

သူတို့အနေနဲ့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းလိုတဲ့ဆန္ဒ အမြဲရှိနေတာပါလို့ SSPP ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှုး စိုင်းလက ပြောပါတယ်။