အမေရိကန် ကြွေးမြီပြဿနာ သဘောတူညီမှု ရလုနီးပါး

ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် Senate လွှတ်တော် အဆောက်အအုံ

အမေရိကန် ပြည်ထောင်စုမှာ ကြိုတင်တွက်ဆ မထားတဲ့ ကြွေးမြီဆိုင်ရာ ပြဿနာ ကို ဖြေရှင်းပြီး ငွေချေးနိုင်ခွင့် ပမာဏကို တိုးမြင့်သတ်မှတ် နိုင်ဖို့ သဘောတူညီမှု ရလုနီးပါး ဖြစ်နေပြီလို့ ဆီးနိတ် လွှတ်တော်ထဲက ရီပါ့ဘလစ်ကန် ခေါင်းဆောင်တွေက ပြောပါတယ်။

သဘောတူညီမှု ရဖို့ နီးစပ်လာပြီလို့ ဆီးနိတ်လွှတ်တော် အမတ် Senator Mitch McConnell က ပြောပေမယ့် အမေရိကန် အစိုးရ အိမ်ဖြူတော်နဲ့ ဆီးနိတ် လွှတ်တော်မှာ အများစု လွှမ်းမိုတဲ့ ဒီမိုကရက်တွေ ကတော့ အသေးစိတ် ရှင်းရမယ့် အခက်အခဲတွေ ကျန်နေသေးတယ်လို့ ဆိုပါတယ်။

ခုနောက်ဆုံး အပေးအယူ ညှိနှိုင်းမှု ရလဒ်တွေ အရ အမေရိကန်ရဲ့ ငွေချေးနိုင်ခွင့် ပမာဏကို မြှင့်လိုက်ပေမယ့် အစိုးရ အသုံးစရိတ် တစ် ထရီလီယံ ဒေါ်လာကို လျှော့ချ ဖြတ်တောက်ပစ်ရမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အမေရိကန်ရဲ့ ငွေချေးနိုင်ခွင့် ပမာဏကို ဒုတိယအကြိမ် မြှင့်တင်မယ့် ၂ဝ၁၃ ခုနှစ်ကျမှသာ လွှတ်တော် နှစ်ရပ်ပေါင်း ပူးတွဲ ကော်မတီက အသုံးစရိတ် အကြီးအကျယ် ဖြတ်တောက်ရေး အစီအစဉ်တွေကို ချမှတ် လုပ်ဆောင်ဖို့ ဒီမိုကရက်တွေက အဓိကထား တောင်းဆိုနေတာ ဖြစ်ပါတယ်။

နောက်နှစ်မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှ လုပ်စေချင်တာကြောင့် အဲဒီ အချိန် သတ်မှတ်ရက်ဟာ အရေးပါတဲ့ ဖြစ်နေရခြင်း ဖြစ်ပါတယ်။