ကမ္ဘာ့ စတော့စျေးတွေ ဆက်လက် ကျဆင်း

Stock Market ဓာတ်ပုံ မူပိုင် AP
Image caption ဂျာမနီ ဖရန့်ဖတ် က စတော့ပွဲစားတစ်ဦး စျေးတွေ ကျလို့ စိတ်ပျက်လက်ပျက်

ဥရောပ ဗဟိုဘဏ်နဲ့ ဥရောပ ခေါင်းဆောင် တွေက ဒေသတွင်းက ဘဏ္ဍာရေး ပြဿနာ ဖြစ်နေတဲ့ နိုင်ငံတွေက ငွေချေး စာချုပ်တွေ ကို ဝယ်ယူမယ်လို့ ပြောပေမယ့် လည်း ဥရောပ စတော့ စျေးကွက် တွေမှာ တနင်္လာ နေ့ စျေးပြန်ဖွင့် ချိန်မှာလည်း နောက်ထပ် စျေးနှုန်းတွေ ထပ်ကျဆင်းခဲ့ ပါတယ်။

နယူးယော့ခ် စတော့စျေးကွက်မှာလည်း စျေးစဖွင့်ဖွင့်ချင်း ရှယ်ယာစျေးတွေ ကျဆင်းခဲ့သလို ဒေါ်လာစျေးကလည်း ဂျပန် ယန်း၊ ယူရို နဲ့ ဆွစ် ဖရန့် စတဲ့ တခြား နိုင်ငံတကာ ငွေကြေးတွေနဲ့ လဲလှယ်နှုန်းမှာ ဒေါ်လာစျေးက အရင်ကတည်းက ကျဆင်းနေခဲ့ပါတယ်။

သောကြာနေ့တုန်းက Standard and Poor ဘဏ္ဍာရေး အဆင့်သတ်မှတ်မှု အေဂျင်စီက အမေရိကန် ငွေချေးစျေးကွက်ကို ပထမတန်း အေသုံးလုံး အဆင့်ကနေ အဆင့်နှိမ့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အာရှက စတော့စျေးကွက်တွေမှာလည်း စျေးနှုန်းတွေ ကျခဲ့ပါတယ်။

ဥရောပမှာဆိုရင် အီတလီနဲ့ စပိန်တို့မှာ စျေး အနည်းငယ် တက်ခဲ့ပေမယ့် လန်ဒန်နဲ့ ဂျာမနီက ဖရန့်ဖတ် စျေးကွက်တွေမှာတော့ စျေးကွက်အပေါ် လူတွေရဲ့ ယုံကြည်မှုက နည်းနေပါတယ်။

ဒါပေမယ့် G7 စက်မှု အင်အားကြီး နိုင်ငံတွေက ဘဏ္ဍာရေး ဝန်ကြီးတွေဟာ ပြီးခဲ့တဲ့ရက်တွေက တွေ့ဆုံ ဆွေးနွေးပြီး ဒေါ်လာစျေး တည်ငြိမ်ဖို့ နဲ့ ဥရောပ နိုင်ငံတချို့ရဲ့ အကြွေးကိစ္စတွေ ဝိုင်းဝန်း ဖြေရှင်းကြမယ်၊ အစိုးရတွေအနေနဲ့ တာဝန်ယူကြမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။

တရုတ်က သတိပေး

ဓာတ်ပုံ မူပိုင် Getty
Image caption ဒေါ်လာအပေါ် အများကြီး ရင်းနှီးမြှပ်နှံထားတဲ့ တရုတ်က စျေးငြိမ်ဖို့ သတိပေး

ဒီအတောအတွင်းမှာပဲ နိုင်ငံတကာ ဘဏ္ဍာရေးအကြပ်အတည်းကိစ္စမှာ အနောက်နိုင်ငံ အစိုးရတွေရဲ့ တာဝန်ယူမှု ကင်းမဲ့ခြင်းဟာ ကမ္ဘာ့ စီးပွားရေး ပြန်လည် ဦးမော့လာဖို့ အဟန့်အတား ဖြစ်နေတယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။

တရုတ်ကွန်မြူနစ်ပါတီပိုင် The People's Daily က ဖော်ပြရာမှာ အနောက် အစိုးရတွေရဲ့ ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်မှု မရှိတာဟာ စျေးကွက်တွင်းက အခြေအနေကို ပိုဆိုးစေတယ်လို့ ပြောပါတယ်။

တရုတ်အစိုးရပိုင် ရှင်ဟွာကလည်း ဒေါ်လာဟာ ကမ္ဘာ့အရံငွေကြေး ဖြစ်နေတဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ ဒေါ်လာစျေး ငြိမ်အောင် လုပ်ရမယ်လို့ သတိပေး ထားပါတယ်။