လန်ဒန် တလွှားက ဆူပူလုယက်မှုတွေ တခြားမြို့တွေဆီ ပြန့်ပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption လန်ဒန်မြို့ကြီး မီးဟုန်းဟုန်း တောက်နေပြီ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ တတိယမြောက်နေ့အဖြစ် ဆိုးရွားတဲ့ ဆူပူမငြိမ်မသက် မှုတွေ ဖြစ်ပွားခဲ့ပြီး လန်ဒန်မြောက်ပိုင်း ကနေ နေရာသစ် တော်တော်များများကို ပြန့်သွားခဲ့ပါတယ်။

လန်ဒန်အရှေ့ပိုင်းက Hackney အရပ်မှာ ညနေခင်းတုန်းက ဆယ်ကျော်သက် လူငယ်တွေက ဘေ့စ်ဘော ကစားတဲ့ ရိုက်တံတွေနဲ့ စျေးဆိုင် ပြူတင်းပေါက်တွေကို ရိုက်ချိုးခဲ့ပြီး၊ ရဲတွေကိုလည်း ခဲတွေနဲ့ ပစ်ပေါက်ကာ ညနေစောင်းပိုင်း တောက်လျှောက် လုယက် ဖျက်ဆီးမှုတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် လုယက်မှုတွေဟာ Lewisham ၊ Peckham နဲ့ Croydon အရပ်တွေအထိ ပြန့်နှံ့ခဲ့သလို လန်ဒန် အနောက်ပိုင်းက Ealing အရပ်မှာလည်း ဖြစ်ပွားခဲ့ ပါတယ်။

စျေးဆိုင်က ပစ္စည်းတွေလည်း လုယက်ခံခဲ့ရကာ အဆောက်အဦ တော်တော်များများလည်း မီးရှို့ ဖျက်ဆီးခံခဲ့ရသလို ရဲတွေလည်း လမ်းတွေပေါ်မှာ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစား နေကြပါတယ်။

အီတလီကို နွေရာသီ အားလပ်ရက် အနားယူဖို့ ရောက်နေတဲ့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်ဟာ သူ့ခရီးစဉ်ကို ဖျက်သိမ်းပြီး ပြန်လာကာ ဒီကိစ္စအပေါ် ကိုယ်တိုင် ကိုင်တွယ် တော့မယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗြိတိန် အလယ်ပိုင်းကိုလည်း ဆူပူမှုတွေ ပြန့်နှံ့သွားခဲ့ပြီး၊ ဘာမင်ဟန်မြို့က ကုန်တိုက် တခုကို မျက်နှာဖုံးစွပ် တွေနဲ့ လူတရာလောက် ဝင်ရောက် လုယက် ခဲ့တယ်လို့ သိရပါတယ်။