ကူဝိတ်နဲ့ ဘာရိန်းက သံတမန်တွေက ဆီးရီးယား ကနေ ရုတ်သိမ်း

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား သမ္မတ Bashar al-Assad

ဆီးရီးယားနိုင်ငံ Hama မြို့လယ်ကနေ တပ်တွေကို စတင် ရုတ်သိမ်းနေပြီလို့ အစိုးရ ရုပ်မြင်သံကြားက ပြောပါတယ်။

လုံခြုံရေး တပ်ရဲ့ လုပ်ဆောင်ရမယ့် ကိစ္စတွေ ပြီးဆုံးသွားပြီ ၊ ဒါ့အပြင် လူတွေရဲ့ ဘဝတွေလည်း တဖြည်းဖြည်း ပုံမှန် ပြန်လည်ပတ် လာပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ကလည်းက ဟာမားမြို့မှာ လုံခြုံရေး တပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းခဲ့ပြီး ဆန္ဒပြမှုတွေကို လက်နက် အင်အားသုံး အကြမ်းဖက် နှိမ်နင်းတိုးမြှင့် လုပ်ဆောင်ခဲ့တာကြောင့် ဆီးရီးယား ပြည်သူတွေ ဆယ်ဂဏန်းနဲ့ချီပြီး သေဆုံးခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံ အရှေ့ပိုင်းက Deir al-Zour မြို့မှာလည်း စစ်တပ်က ဒုတိယမြောက် နေ့အဖြစ် ဆက်လက် အကြမ်းဖက် နှိမ်နင်းနေတယ်လို့ သတင်းတွေ ရရှိ ပါတယ်။

တချိန်တည်းမှာ သမ္မတ Bashar al-Assad ကတော့ ကာကွယ်ရေး ဝန်ကြီးသစ် တယောက်ကို ခန့်အပ်ခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံမှာ ဆန္ဒပြ ပြည်သူတွေကို အစိုးရ လက်နက် အင်အားသုံးပြီး နှိမ်နင်းနေတဲ့ အပေါ် နိုင်ငံတကာရဲ့ ပြစ်တင် ရှုတ်ချမှုက တိုးလာနေသလို အာရပ်နိုင်ငံ အတော်များများ ကလည်း နိုင်ငံတကာနဲ့ အတူ ပြစ်တင် ရှုတ်ချခဲ့ပါတယ်။

ဆော်ဒီအာရေဗျက ဆီးရီးယား နိုင်ငံက သူတို့ သံအမတ်ကို ပြန်ခေါ်ခဲ့ ပြီးတဲ့နောက် ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံတို့ကလည်း အလားတူ ပြုလုပ်ခဲ့ပါတယ်။

အီဂျစ်နိုင်ငံက အမြင့်ဆုံး အစ္စလာမ် အာဏာပိုင် အဖွဲ့ကလည်း ဆီးရီးယား အစိုးရကို သွေးထွက်သံယိုမှုတွေ အမြန်ဆုံး အဆုံးသတ်ဖို့ ပန်ကြားလိုက်ပါတယ်။

အမေရိကန် အစိုးရကတော့ အာရပ်နိုင်ငံတွေ အနေနဲ့ ဆီးရီးယားအပေါ် ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှု လုပ်နေတာကို အားပေးကြောင်း ပြောပါတယ်။