လူချမ်းသာတွေ ဆီက အခွန်တိုးကောက်ဖို့ အိုဘားမား ကြိုးစား

ဓာတ်ပုံ မူပိုင် Getty
Image caption ဘယ်သူတွေ ဘာပြောပြော အမေရိကန်က အေသုံးလုံး အဆင့်မှာဘဲ ရှိနေလို့ အိုဘားမားပြော

အမေရိကန် ပြည်ထောင်စုရဲ့ ငွေကြေးဆိုင်ရာ ယုံကြည်ရတဲ့စံနှုန်းသတ်မှတ်ချက်ကို လျှော့ချ ခံလိုက်ရတာဟာ ကွန်ဂရက် အနေနဲ့ အမေရိကန်ရဲ့ ကြွေးမြီ ပြဿနာကို ထပ်မံပြီး အမြန် ဖြေရှင်းဖို့လိုနေပြီ ဆိုတာ ပြနေတယ်လို့ သမ္မတ အိုဘားမားက ပြောကြား လိုက်ပါတယ်။

ငွေကြေးဆိုင်ရာ စံနှုန်းသတ်မှတ်တဲ့ ကုမ္ပဏီတခုဖြစ်တဲ့ Standard and Poor's က ပထမဆုံး အနေနဲ့ အဆင့်လျှော့ သတ်မှတ်လိုက်ပြီးနောက် သမ္မတ အိုဘားမားက ဘယ်သူတွေ ဘာပြောပြော အမေရိကန် ပြည်ထောင်စုဟာ အစဉ်သဖြင့် အမြဲတမ်း အေသုံးလုံး အဆင့်မှာ ရှိနေမှာဘဲလို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန် လူချမ်းသာတွေဆီက အခွန်တိုးကောက်ဖို့ လိုအပ်ပြီလို့ သူယူဆနေ ကြောင်းလည်း ပြောပြီး ဒီကိစ္စကို လွတ်တော်ထဲက ရီပါ့ဘလစ်ကန် ပါတီဝင် အမတ်တွေက လုံးဝ ငြင်းဆန်နေတာ ဖြစ်ပါတယ်။

ကမ္ဘာတလွှားမှာ အစုရှယ်ယာစျေးတွေ ကျဆင်းခဲ့ပြီး နယူးယောက်မြို့မှာလည်း စျေးတွေ ထိုးဆင်းသွားခဲ့ပြီးတဲ့နောက် သမ္မတ အိုဘားမားက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။