NATO အဖွဲ့ကြောင့် အရပ်သား သေဆုံးတယ်လို့ လစ်ဗျား အစိုးရပြော

Image caption Majar ရွာက သေဆုံးမှုတွေ အတွက် နေတိုးကို လစ်ဗျား အစိုးရ အပြစ်တင်

လစ်ဗျားနိုင်ငံ အနောက်ပိုင်းက Majar ဆိုတဲ့ ရွာတရွာကို ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက နေတိုးတပ်ဖွဲ့က လေကြောင်းက စစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ လူဂ၅ ယောက် သေဆုံးသွား တယ်လို့ လစ်ဗျား အစိုးရက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

လစ်ဗျားက လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ သူပုန်တွေ အတွက် လမ်းကြောင်းရှင်းပေးတဲ့ အနေနဲ့ အဲဒီရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ အရာရှိတွေက ပြောပါတယ်။

ဘီဘီစီ သတင်းထောက် တယောက်ကတော့ လူသေအလောင်း သုံးဆယ်ကို တွေ့ခဲ့တယ်လို့ ဆိုပြီး နေတိုးတပ်ဖွဲ့ဟာ ဘာကြောင့် အရပ်သားတွေကို တိုက်ခိုက်ခဲ့တာလဲ ဆိုတာကို နားမလည်အောင် ဖြစ်ရတယ်လို့ ဒဏ်ရာရသွားတဲ့ မိန်းခလေးတယောက်က ပြောကြောင်း သတင်းထောက်က ဆိုပါတယ်။

သူတို့ဟာ စစ်ရေး ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီအခြေအနေမှာ အရပ်သားတွေ ထိခိုက် သေဆုံးမှုနဲ့ ပတ်သက်လို့ အတည်မပြုနိုင်ဘူးလို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။