အစုရှယ်ယာ စျေးတွေ ထပ်ကျ ပြန်ပြီ

Image caption Dow Jones အညွှန်းကိန်း အတက်အကျ

အမေရိကန်နဲ့ ဥရောပက အစုရှယ်ယာစျေးတွေ ဆိုးဆိုးရွားရွား ဆက်တိုက် ကျနေတာ ကြောင့် အဲဒီအကျိုးသက်ရောက်မှုက ကမ္ဘာ့ အစုရှယ်ယာ စျေးကွက်ကို ထိခိုက်ခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက လေးရာခိုင်နှုန်း တက်လာခဲ့တဲ့ Dow Jones အညွန်းကိန်းဟာ New York မြို့က စျေးပိတ်ချိန်မှာ လေးရာခိုင်နှုန်း ပြန်ကျသွားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ အပေါ် အကြွေးပေးနိုင်ခွင့် တိုင်းတာတဲ့စံနှုန်းဟာ အေသုံးလုံး အဆင့်ကနေ လျော့ကျသွားနိုင်တယ် ဆိုပြီး ကောလဟာလ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဥရောပမှာတော့ ပြင်သစ်ဘဏ်တွေရဲ့ အစုရှယ်ယာ စျေးတွေ သိသိသာသာ ထိုးဆင်းသွားခဲ့ပါတယ်။

ဒါပေမယ့် ပြင်သစ်နိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေက တည်ငြိမ်နေပါတယ်လို့ ပြင်သစ် အစိုးရနဲ့ အကြွေးပေးနိုင်ခွင့်စံနှုန်း သတ်မှတ်တဲ့ အဓိက အေဂျင်စီကြီး သုံးခု တို့က အခိုင်အမာ ပြောဆို နေတာကြောင့် ထွက်လာတဲ့ ကောလဟာလ သတင်းတွေနဲ့ ဆန့်ကျင်နေပါတယ်။