တရုတ်မြန်နှုန်းမြင့် ရထားများရပ်ဆိုင်း

အမြန်ရထားနှစ်စီး တိုက်မှုမြင်ကွင်း ဓာတ်ပုံ မူပိုင် AP
Image caption အမြန်ရထားနှစ်စီး တိုက်မှုမြင်ကွင်း

တရုတ်နိုင်ငံမှာ မြန်နှုန်းမြင့်ရထား ၅၄ စီးကို ဘေးအန္တရာယ် ကင်းရှင်းအောင် ပြန်စစ်ဖို့ ရုပ်သိမ်း လိုက်တာဟာ ကမ္ဘာမှာ အကြီးဆုံး အမြန်ရထား လုပ်ငန်းရှိတဲ့ တရုတ်ပြည်အတွက် ပြင်းထန်တဲ့ ထိုးနှက်မှုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်က အမြန်ရထား၂စီး တိုက်မိပြီး လူ၄၀ကျော် သေလို့ ရှေ့ဆက်မဲ့ ဒီစီမံကိန်းတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။

တရုတ်နိုင်ငံဟာ နည်းပညာ ကျွမ်းကျင်မှု မပြည့်စုံပဲ အလျင်စလို အမြန်ရထား ဆောက်လို့ အခုလိုအန္တရာယ်ဖြစ်တာလို့ ဝေဖန်မှုတွေဖြစ်ပေါ်နေပါတယ်။

ဒါ့အပြင် တည်ဆောက်ရေး လုပ်ငန်းတွေမှာ အဂတိ လိုက်စားမှုကြောင့် အရည်အသွေး မပြည့်တာလို့လည်းစွပ်စွဲနေပါတယ်။

အများပြည်သူကတော့ တိုင်းပြည် တိုးတက်မှုအတွက် လူတွေရဲ့ အသက်ကိုပဓါန မထားဘူးလို့ အစိုးရကို ပစ်တင်နေကြပါတယ်။

တကယ်တော့ အမြန်ရထားတည်ဆောက်နိုင်တာဟာ ဖွံဖြိုးတိုးတက်မှုရဲ့ လက္ခဏာအဖြစ် အမျိုးသားရေးအရ ဂုဏ်ယူနေစဉ်အခုလိုဖြစ်တဲ့အတွက် တရုတ်ပြည်အတွက် အလွန် အထိနာတယ်လို့ သုံးသပ်သူတွေကပြောနေကြပါတယ်။