အင်္ဂလန်မှာ လူမှုပြဿနာတွေကြောင့် အဓိကရုဏ်းဖြစ်

ဓာတ်ပုံ မူပိုင် PA
Image caption အင်္ဂလန်က အဓိကရုဏ်း ဖြစ်မှုတွေရဲ့ နောက်ကွယ်မှာ လူမှုပြဿနာတွေ ရှိနေတယ်

အင်္ဂလန်မှာ အခုအပတ်ထဲ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဖြစ်မှုတွေရဲ့ နောက်ကွယ်မှာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ လူမှုပြဿနာ တွေ ရှိနေတယ်လို့ ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး George Osborne က ပြောကြားလိုက် ပါတယ်။

တချို့ လူမှုအသိုင်းအဝိုင်းတွေက လူတွေဟာ တိုင်းပြည်ရဲ့ စီးပွားရေး အသက်သွေးကြော ထဲမှာ ပါဝင်ခြင်းမရှိဘဲ အပြင်ရောက်နေကြ တယ်လို့ မစ္စတာ Osborne က ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး အခုလိုဖြစ်နေတာကို အဲဒီလူတွေဟာ အချိန်အကြာကြီး လျစ်လျူရှု ခံနေခဲ့ရ တယ်လို့လည်း ဆိုပါတယ်။

အခုလို ဘဏ္ဍာရေးဝန်ကြီးရဲ့ အမြင်သဘောထားတွေဟာ အမေရိကန် ရဲအရာရှိဟောင်း တဦးဖြစ်သူ Bill Bratton ရဲ့ အမြင်နဲ့ သွားတူနေပါတယ်။

မစ္စတာ Bratton က အခုကိစ္စဟာ ရဲနဲ့တင် ပတ်သက်နေတာ မဟုတ်ဘဲ လူမှုအသိုင်းအဝိုင်း တခုလုံးနဲ့ သက်ဆိုင်နေ တယ်လို့ ပြောပါတယ်။

Bill Bratton ဟာ ဗြိတိန်မှာ ဖြစ်ပျက်နေတဲ့ အုပ်စုဖွဲ့ပြီး လူမိုက်လုပ်ကြတဲ့ အလေ့အထ တိုက်ဖျက်ရေးအတွက် ဗြိတိသျှအစိုးရကို အကြံဉာဏ်ပေးဖို့ သဘောတူခဲ့ပြီ ဖြစ်ပါတယ်။

သူဟာ အမေရိကန်ပြည်ထောင်စု Los Angeles၊ New York နဲ့ Boston တို့မှာ ရဲအရာရှိ တဦးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။