ကေအိုင်အေနဲ့ အစိုးရတပ်အကြား တိုက်ပွဲတခု ဖြစ်ပွား

Image caption အစိုးရက လက်နက်ကြီးတွေနဲ့ ကေအိုင်အေ စခန်းဘက်ကို ပစ်ခတ် တယ်လို့ဆိုပါတယ်

ကေအိုင်အေနဲ့ အစိုးရ စစ်တပ်အကြား ဒီကနေ့ နေ့လည်ပိုင်း (၃) နာရီ (၁၅) မိနစ် လောက်က စပြီး တနာရီ နီးပါးလောက် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြ တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ နေရာကတော့ ကေအိုင်အိုဌာနချုပ် လိုင်ဇာနဲ့ (၁၅) မိုင်ကျော် လောက်ဝေးတဲ့ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ ‘နန်ဆန်ယန်’ အဝင်က အစိုးရ စစ်တပ်ထိုင်ရာ ‘အောင်ဂျာ’စခန်းအနီးမှာ ဖြစ်တယ်လို့ သိရ ပါတယ်။

အဲဒီမှာ ခလရ (၃၇) အပါအ၀င် အစိုးရ တပ်ရင်း (၃) ခု လောက်က ထုတ်နှုတ်အင်အား (၄၀) ခန့်ရှိတဲ့ စစ်ကြောင်းနဲ့ ကေအိုင်အေ တပ်ရင်း (၂၃) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပြီး၊ အစိုးရ စစ်တပ်ဘက်ကလဲ လက်နက်ငယ်တွေ အပါအဝင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အောင်ဂျာစခန်းဟာ မြစ်ကြီးနား-လိုင်ဇာ ကားလမ်းနဲ့ ကပ်လျက်မှာ ရှိပြီး ခရီးသွားလာ သူများကို တင်းတင်းကျပ်ကျပ် စစ်ဆေးရာ နေရာတခု ဖြစ်ကြောင်း သိရပါတယ်။

အဲဒီစခန်းနဲ့ တစ်မိုင်ကျော်လောက် အတွင်းမှာတော့ ကေအိုင်အေ တပ်ရင်း (၂၃) ရဲ့ ရှေ့တန်း စခန်းငယ်လေးတွေလဲ အနှံ့အပြား တည်ရှိနေတယ်လို့ သိရပါတယ်။

အစိုးရစစ်ကြောင်းဘက်က လက်နက်ကြီးတွေနဲ့ ကေအိုင်အေ တပ်ရင်း (၂၃) ရဲ့ ရှေ့တန်း စခန်းငယ်လေးတွေဘက်ကို ချိန်ရွယ် ပစ်ခတ်ခဲ့တယ်လို့ ကေအိုင်အေ ရှေ့တန်း စစ်ဖက် ရပ်ကွက်တွေက ဆိုပါတယ်။

အသေအပျောက် ထိခိုက်ဒဏ်ရာ ရမှုတွေ ရှိတယ်လို့ သိရပေမဲ့ တိတိကျကျ အတည်ပြု နိုင်ခြင်းတော့ မရှိသေးပါဘူး။