ပြည်သူ့အသံ နိုင်ငံအတွက် အရေးကြီးတယ်လို့ ဒေါ်စုပြောပြီ

ဓာတ်ပုံ မူပိုင် AP
Image caption အောင်ဆန်း ဂျာမွန် စာကြည့်တိုက် ဒေါ်စု ဖဲကြိုးဖြတ် ဖွင့်ပေး

ဒေါ်အောင်ဆန်းစုကြည် ဟာ ပဲခူး နဲ့ သနပ်ပင် ခရီးစဉ် အတွင်းမှာ အောင်ဆန်းဂျာမွန် အမည်ရှိ စာကြည့်တိုက်တွေ ဖွင့်လှစ်ပေးခဲ့ ပါတယ်။ ၁၉၈၉ ခု နှစ်က ကချင်ပြည်နယ်သွားစဉ်မှာ ကချင်လူထုက ကချင်ဘာသာနဲ့ ရွှေဝတ်မှုန် လို့ ဒေါ်အောင်ဆန်းစုကြည် ကို တင်စားခဲ့လို့ ဒီနာမည်နဲ့ စာကြည့်တိုက် ဖွင့်လှစ်ပေးတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ ဉပဒေရေးရာ၊ ပညာရေး၊ နိုင်ငံ့စီးပွားရေး၊ အလုပ်လက်မဲ့ ပြဿနာ၊ ယုံကြည်ချက် နဲ့ အလုပ်လုပ် ဖို့ စတာတွေ အပြင် တိုင်းရင်းသား အရေးကိစ္စ လဲ ပါဝင်ပါတယ်။

တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ဟာ စိတ်ဝင်စားစရာ ကောင်းသလို၊ တန်ဖိုးရှိတဲ့ အတွေးအခေါ် တွေ ပါဝင်ကြောင်း၊ ဒါပေမဲ့ တိုင်းရင်းသားတွေနဲ့ လူများစု မြန်မာတွေ အကြားမှာ ဆက်နွယ်မှု အားနည်းနေကြောင်း၊ ဒါကြောင့် လူများစု မြန်မာတွေဟာ ပိုပြီး သဘောထား ကြီးဖို့လိုကြောင်း တွေ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

တိုင်းပြည်ကို တိုးတက်စေလိုရင် တိုးတက်အောင် လုပ်ပေးချင်တဲ့ ဆန္ဒ ရှိရမယ်၊ ဒီမိုကရေစီ လိုချင်ရင် နိုင်ငံရေးဝင်လုပ်စရာ မလိုပဲ၊ မိမိ လုပ်နေတဲ့ နေရာက လုပ်ပေး နိုင်တာ ကို လုပ်ဖို့ လိုကြောင်း ပြောသွားပါတယ်။

ပြည်သူ့အသံ ဆိုတာ နိုင်ငံအတွက် အရေးကြီးလို့ ပြည်သူ့အသံ ကို တန်ဖိုးထားပြီး လျှော့မတွက်ဖို့၊ ဒါပေမဲ့ မဟုတ်တာ မမှန်တာ လဲ မပြောဖို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ပြည်သူဟာ တရားဉပဒေ အောက်မှာ လုံလုံခြုံခြုံ နေနိုင်မယ် ဆိုရင်၊ အဖက်ဖက်က တိုးတက်အောင် လုပ်နိုင်ပြီး၊ ဘယ်သူနဲ့ မဆို ပူးပေါင်းဆောင်ရွက် ဖို့လဲ အသင့်ရှိပုံ ကိုလဲ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။