သိမ်းဆည်းခံထားရတဲ့ လစ်ဗျား ပိုင်ငွေတွေ WHOကိုပေး

ဓာတ်ပုံ မူပိုင် AP
Image caption တိုက်ပွဲတွေကြောင့် ထိခိုက်သူတွေထဲမှာ ကလေးငယ် တွေလည်းပါ

နယ်သာလန်နိုင်ငံမှာ စုဆောင်း သိမ်းဆည်း ထားတဲ့ လစ်ဗျား အစိုးရပိုင်ငွေ ဒေါ်လာ ၁၄၃ သန်းကို နယ်သာလန်အစိုးရက WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အတွက် အကူအညီ ငွေ အဖြစ် ပေးအပ် လိုက်ပါတယ်။

ဒီအကူအညီငွေတွေကို သူပုန်တွေ ထိန်းချုပ် ထားရာ မြို့ကြီး မြို့ငယ်တွေမှာရော ဗိုလ်မှူးကြီး Gaddafi ကို သစ္စာ စောင့်သိသူ တပ်ဖွဲ့တွေ ထိန်းချုပ်ထားရာ မြို့ကြီး မြို့ငယ်တွေမှာပါ ရှိကြတဲ့ အရပ်သားတွေအတွက် ဆေးဝါး အထောက်အပံ့ ပေးရာမှာ အသုံးပြုမယ်လို့ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး Uri Rosenthal က ပြောပါတယ်။

WHO ရဲ့ တိုက်ရိုက် ပန်ကြားမှုကို တုန့်ပြန်တဲ့အနေနဲ့ အခုလို လုပ်တာလို့ မစ္စတာ Uri Rosenthal က ပြောပါတယ်။

နယ်သာလန်နိုင်ငံမှာ စုဆောင်းထားတဲ့ လစ်ဗျားအစိုးရပိုင် ပစ္စည်း ဥစ္စာ တန်ဘိုး ၄ ဘီလျံကျော်ကို နယ်သာလန် အစိုးရက ပြီးခဲ့တဲ့ မတ်လက သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။