အီဂျစ်ရဲ ၅ ဦးအတွက် အစ္စရေး ဝမ်နည်း

cairo_embassy ဓာတ်ပုံ မူပိုင် reuters
Image caption ကိုင်ရိုမြို့က ဆန္ဒပြပွဲ

ပြီးခဲ့တဲ့ ကြာသပတေး နေ့က အစ္စရေး တပ်ဖွဲ့ တွေက ပါလက်စတိုင်း စစ်သွေးကြွ တွေကို လိုက်လံ တိုက်ခိုက် ရင်း အထင်မှား ပြီး တိုက်ခိုက် ခံခဲ့ရလို့ သေဆုံး ခဲ့ရတဲ့ အီဂျစ် ရဲတပ်ဖွဲ့ဝင် ၅ ဦးအတွက် စိတ် မကောင်း ဖြစ်မိကြောင်း အစ္စရေး ဘက် ကပြော ပါတယ်။

ဒီ ကိစ္စ အတွက် အစ္စရေး စစ်တပ် အတွင်း စုံစမ်း စစ်ဆေးမှုတွေ ကိုလုပ်သွား မှာ ဖြစ်တယ်လို့ လဲ ဆိုလိုက်ပြီး အဲဒါပြီးရင် အစ္စရေး နဲ့ အီဂျစ် စစ်တပ် ပူးပေါင်းပြီး ဘာမှားယွင်း သွား ခဲ့သလဲ ဆိုတာကို သိရဖို့ စုံစမ်း သွားမှာ ဖြစ်တယ်လို့ လဲ ဆိုပါတယ်။

အစော ပိုင်းတုန်း ကတော့ အီဂျစ် နိုင်ငံ ဆိုင်ရာ အစ္စရေး သံ အမတ် ကြီးကို အီဂျစ် နိုင်ငံ ခြားရေး ဝန်ကြီး ရုံးကို ခေါ်ယူ တွေ့ဆုံ ခဲ့တယ် လို့လဲ သိရ ပါတယ်။

ဂျေရုဆလင်က ဘီဘီစီ သတင်း ထောက်ကတော့ အခု အစ္စရေး ဘက်က ပြောတာတွေ လောက်နဲ့ အပြည့်အဝ တောင်းပန်တာကို လိုလား နေတဲ့ အီဂျစ်က ကျေနပ် မှာ မဟုတ်ဘူး လို့ ဆိုပါတယ်။

အီဂျစ်က မြို့တော် ကိုင်ရိုနဲ့ အလက်ဇန္ဒြီးယား မှာတော့ ဆန္ဒပြပွဲ တွေ ကို ကျင်းပ ခဲ့ကြ တယ်လို့ ဆိုပါတယ်။ အစ္စရေး သံရုံးရဲ့ ပြင်ပမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲကို တက်ရောက်လာတဲ့ အစ္စရေး လက်ချက်နက် သေဆုံးခဲ့ရတဲ့ ရဲတပ်ဖွဲ့ ဝင်နဲ့ ညီအစ်ကို တော်စပ်သူ မာဟုဒ် မိုဟာမက် အီဘရာဟင် က တော့ သူ့ အစ်ကိုနဲ့ အာဇာနည်တွေ နောက်ပြီး အီဂျစ် လူမျိုး တွေ ကိုယ်စား သူပြောချင်တာ ကတော့ အစ္စရေး သံအမတ်ကို နှင်ထုတ်ပြီး အီဂျစ် သံအမတ် ကိုလဲ ပြန်ခေါ် စေချင်ကြောင်း၊ အစ္စရေး နဲ့ အဆက်အသွယ် တွေကိုလဲ ဖြတ်သင့် ကြောင်း၊ အရင်ကလဲ တကြိမ်၊ နှစ်ကြိမ်၊ ဆယ်ကြိမ် ထက်မက တောင်းပန် ခဲ့ ဖူးပြီး ဖြစ်တာကြောင့် အခုတောင်းပန် လာတာတွေ ကိုလဲ ဘာမှ မလိုချင်ကြောင်း တွေ ကို ပြောသွား ပါတယ်။