လစ်ဗျား သူပုန်အဖွဲ့ကို အာရပ်အဖွဲ့ချုပ် အသိအမှတ်ပြု

Libyan rebels ဓာတ်ပုံ မူပိုင် BBC World Service
Image caption အာရပ်အဖွဲ့ချုပ် စည်းဝေး သဘောတူ

လစ်ဗျားက သူပုန်တွေ စုဖွဲ့ထားတဲ့ အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီကို တရားဝင် အစိုးရအဖြစ် ကြာသပတေးနေ့မှာ အာရပ်အဖွဲ့ချုပ်က အသိအမှတ် ပြုလိုက်ပါတယ်။ အာရပ်အဖွဲ့ ချုပ် အတွင်းရေးမှူး နာဘီ အယ်လ် အာရာဘီက ကဒါဖီ လက်ထက်က အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းခံထားရတဲ့ လစ်ဗျားရဲ့ နေရာကို ပြန်ယူဖို့ အချိန်ရောက်ပြီလို့လဲ ပြောလိုက်ပါတယ်။

လစ်ဗျားမှာ လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ရေးကို အာရပ်အဖွဲ့ချုပ်က ထောက်ခံခဲ့တဲ့ အချက်ဟာ နိုင်ငံတကာကလည်း ပါဝင် ထောက်ခံမှုရရေးမှာ အရေးပါတဲ့ အချက်ဖြစ်ပါတယ်။

တဖက်မှာတော့ လစ်ဗျား စစ်ဆင်ရေးမှာ နေတိုးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့သလားဆိုတာကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး အိုင်စီစီ က စုံစမ်းစစ်ဆေးဖို့ တောင်အာဖရိက က တောင်းဆိုလိုက်ပါတယ်။ တောင်အာဖရိက ဒုတိယသမ္မတ ကာ့ဂလေမာ မော့တ်လန်တေးက အိုင်စီစီမှာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ဒါမှမဟုတ် နေတိုး တပ်မှူးကြီးတွေကို သူတို့ လုပ်ရပ်တွေ အတွက် တာဝန်ခံခိုင်းနိုင်တဲ့ စွမ်းရည်ရှိရဲ့လားဆိုတာကိုတော့ မေးခွန်းထုတ်စရာ ရှိနေတယ်လို့ ပြောသွားပါတယ်။

နိုင်ငံတကာမှာ ပိတ်ဆို့ထားတဲ့ လစ်ဗျားပိုင် ငွေတွေထဲက အမေရိကန် ဒေါ်လာ သန်း ထောင့်ငါးရာကို ပြန် ထုတ်ပေးဖို့ အမေရိကန်ရဲ့ ကြိုးပမ်းချက်ကို တောင်အာဖရိက က တားထားပါတယ်၊ သူပုန်တွေကို ငွေတွေထုတ်ပေးတာဟာ သူတို့ကို လစ်ဗျား အာဏာပိုင်အဖွဲ့ အဖြစ် အသိအမှတ်ပြုလိုက်ရာ ရောက်လိမ့်မယ်။ ဒီလို အသိအမှတ်ပြုဖို့ တောင်အာဖရိက အနေနဲ့ရော အာဖရိက သမဂ္ဂအနေနနဲ့ရော ဆုံးဖြတ်ချက်မချရသေးဘူးလို့ ကုလသမဂ္ဂဆိုင်ရာ တောင်အာဖရိက သံအမတ်ကြီးက ပြောပါတယ်။

ငွေတွေ ပြန်ထုတ်ပေးမယ်

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အီတလီကလည်း ငွေတွေ ပြန်ထုတ်ပေးမယ်

အီတလီ ဝန်ကြီးချုပ် ဆီလဗီယို ဘာလူစကိုနီကတော့ သူ့နိုင်ငံထဲမှာ ပိတ်ထားတဲ့ လစ်ဗျား ပိုင်ငွေ ဒေါ်လာသန်း ၅၀၀ ကျော်ကို လစ်ဗျား အမျိုးသားအသွင်ကူးပြောင်းရေး ကောင်စီကို ထုတ်ပေးမယ်လို့ ပြောလိုက်ပါတယ်။ အသွင်ကူးပြောင်းရေး ကောင်စီ ခေါင်းဆောင်တယောက်ဖြစ်တဲ့ မာမွတ် ဂျီဘရီလ် နဲ့ မီလန်မြို့မှာ တွေ့ပြီးတဲ့နောက်မှာ အခုလို ကြေငြာခဲ့တာပါ။ မစ္စတာ ဂျီဘရီလ်က သူ့အဖွဲ့အနေနဲ့ ရေ မီး တွေပြန်ရအောင် လုပ်ပေးဖို့နဲ့ ဝန်ထမ်းတွေကို လစာတွေပေးဖို့ ငွေတွေ အရေးတကြီး လိုနေတယ်လို့ ပြောခဲ့ပါတယ်။

တခါ ဗုဒ္ဓဟူးနေ့က ကဒါဖီကို သစ္စာခံတဲ့ တပ်တွေက ဖမ်းထားခဲ့တယ်လို့ ယူဆရတဲ့ အီတလီ သတင်းထောက် လေးယောက် ပြန် လွတ်လာခဲ့ပါပြီ။

ဒီ သတင်းထောက် လေးယောက် ဟာ ဇာဝီရာမြို့ကနေ ထရီပိုလီမြို့ကို အသွားမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ကို ကားမောင်းပို့တဲ့ ယာဉ်မောင်းကတော့ အသတ်ခံလိုက်ရပါတယ်။ သူတို့ကို ဘယ်နေရာမှာ ဖမ်းထားခဲ့သလဲဆိုတာ ကိုတော့ အတိအကျ မသိရသေးပါဘူး။

လစ်ဗျားမှာ သူပုန်နဲ့ အစိုးရ နှစ်ဖက်စလုံးက လူရာနဲ့ ချီပြီး ဖမ်းထားတယ်လို့ ကြက်ခြေနီ အဖွဲ့က ပြောလိုက်ပါတယ်။ ကြက်ခြေနီအဖွဲ့က အဲဒီလို အဖမ်းခံထားရတဲ့ လူတချို့နဲ့ သွားတွေ့ခဲ့ပြီးပြီ ဒါပေမဲ့ သူတို့ကို ဖမ်းထားဖို့ ဘယ်သူက ညွှန်ကြားထားသလဲဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။ ဖမ်းခံထားရသူတွေနဲ့ ပတ်သက်လို့ စစ်ပွဲအတွင်းလိုက်နာရတဲ့ စည်းကမ်းတွေ စောင့်ထိန်းကြဖို့လဲ ကြက်ခြေနီအဖွဲ့က တိုက်တွန်းထားပါတယ်။