အီရန် နယူးကလီးယား ကိစ္စ IAEA စိုးရိမ်

Iran ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရုရှ ဆောက်ပေးထားတဲ့ အီရန်ရဲ့ နယူးကလီးယား စက်ရုံ

အီရန် အစိုးရဟာ နယူးကလီးယား လက်နက် ထုတ်လုပ်ရေး အစီအစဉ်ကို လျှို့ဝှက် လုပ်ဆောင်နေ နိုင်တာကို ပိုပို စိုးရိမ်လာတယ်လို့ ကုလသမဂ္ဂရဲ့ အဏုမြူ စွမ်းအင် အေဂျင်စီ အိုင်အေအီးအေက ပြောပါတယ်။

အီရန်ဟာ ဒုံးလက်နက် တခုအတွက် နယူး ကလီးယား ပစ္စည်းတွေကို ထုတ်လုပ် နေတယ် ဆိုတဲ့ အချက်အလက် သစ်တွေ ရရှိထားတယ်လို့ မနေ့က ထုတ်ပြန်တဲ့ အိုင်အေအီးအေရဲ့ အစီရင် ခံစာက ဆိုပါတယ်။

အိုင်အေအီးအေ အဖွဲ့ဝင် နိုင်ငံတွေဆီက ရတဲ့ ခိုင်လုံ စိတ်ချရတဲ့ အချက်အလက်တွေနဲ့ အိုင်အေအီးအေ အဖွဲ့ ကိုယ်တိုင်ရဲ့ သုတေသန ပြုလုပ်ချက်တွေကို အခြေခံပြီး ခုအစီရင် ခံစာကို ပြုစုတာလို့ ပြောပါတယ်။

အီရန်က သူ့ရဲ့ နယူးကလီးယား အစီအစဉ်တွေကို အရပ်ဘက်မှာ သုံးဖို့ ရည်ရွယ်ချက်နဲ့ လုပ်နေတာသာလို့ ပြောပေမယ့် အိုင်အေအီးအေရဲ့ အစီရင်ခံစာမှာ အီရန်ဟာ မြေအောက် လှိုဏ်ခေါင်း တခုထဲမှာ အဆင့်မြင့် သန့်စင် ယူရေနီယံ ထုတ်ဖို့ ပစ္စည်း ကိရိယာတွေကို တပ်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။