အစ္စရေးမှာ လူလေးသိန်းကျော် ဆန္ဒပြ

ဓာတ်ပုံ မူပိုင် 1
Image caption တဲလ အဗီ မြို့က ဆန္ဒပြပွဲ မြင်ကွင်း

အစ္စရေး နိုင်ငံမှာ မနေ့က ကုန်စျေးနှုန်း ကြီးမြင့်မှု၊ နေစရိတ် ကြီးမြင့်မှုတွေကို အစိုးရက တခုခု လုပ်ပေးဖို့ လူပေါင်း သိန်းချီ ဆန္ဒပြခဲ့ကြပါတယ်။

အာရပ် နွေဦးလို့ သိကြတဲ့ အရှေ့အလယ်ပိုင်းက အစိုးရတွေကို တခုပြီး တခု ပြုတ်ကျသွားစေတဲ့ ဆန္ဒပြပွဲတွေဟာ ခုဆိုရင် ဒီမိုကရေစီ နိုင်ငံဆိုပြီး သတ်မှတ်ထားတဲ့ အစ္စရေး နိုင်ငံကိုပါ ကူးစက် လာနေပုံ ရပါတယ်။

အစ္စရေး တနိုင်ငံလုံးမှာ အချိန်ကိုက် ဆန္ဒပြကြတာ ဖြစ်ပြီး တဲလအဗီ မြို့တော်က ဆန္ဒပြပွဲက အကြီးဆုံးပါ။

ဆန္ဒပြပွဲ စီစဉ်သူတွေက လူတသန်းလောက် ထိကို လမ်းပေါ် ဆွဲခေါ် လာနိုင်မယ်လို့ မျှော်လင့် ခဲပေမယ့် တကယ်တမ်းမှာ လေးသိန်းလောက် ထွက်လာပါတယ်။

ဒါပေမယ့်လည်း ဒီဆန္ဒပြပွဲတွေဟာ အစ္စရေး နိုင်ငံ သမိုင်းမှာ အကြီးဆုံး ဆန္ဒ ပြပွဲကြီးတွေထဲ မှတ်တမ်း ဝင်သွားပါပြီ။

တဲလအဗီ မြို့လည်ခေါင်က နေးရှင်း ရင်ပြင်ကြီးမှာ ဆိုရင် ဆန္ဒပြသူတွေနဲ့ တိုးမပေါက် ဖြစ်နေပါတယ်။

ဆန္ဒပြသူတွေ အဓိက မကျေနပ်တဲ့ အချက်ကတော့ နိုင်ငံထဲမှာ နေထိုင်မှု စရိတ် မြင့်တက် လာတာကို မခံနိုင်တော့တဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် na
Image caption ညအိပ်စောင့်ပြီး ဆန္ဒပြကြသူများ

အိမ်စရိတ်တွေ တက်လာသလို၊ ပို့ဆောင်ရေး စရိတ်တွေလဲတက်၊ နောက်ဆုံး အခြေခံ စားကုန်တွေရဲ့ စျေးဟာ မကြာခင် လတွေ၊ နှစ်တွေ အတွင်းမှာ သိသိသာသာ တက်လာ ခဲ့ပါတယ်။

အစ္စရေး နိုင်ငံမှာ ရှိတဲ့ ပိုက်ဆံ မချမ်းသာတဲ့လူ ဘယ်သူမဆို ဘာသာရေး ကိုးကွယ် ယုံကြည်သူ ဖြစ်ဖြစ်၊ ဘာ ဘာသာမှ မကိုးကွယ်တဲ့သူ ဖြစ်ဖြစ်၊ လူကြီး ဖြစ်ဖြစ် လူငယ် ဖြစ်ဖြစ် သဘော ပေါက်လာကြတဲ့ အချက်က တိုင်းပြည်ရဲ့ စီးပွားရေးမှာ ဒီလူတွေ အားလုံးဟာ ဘေးထုတ် ခံနေရတယ်ဆိုတဲ့ အချက် ဖြစ်တယ်။ ကျနော်တို့ဟာ တိုင်းပြည် လုံခြုံရေးကိုပဲ တဘက်သတ် ကြည့်နေကြသလို ဖြစ်နေတယ်လို့ ဆန္ဒပြသူ တယောက်က ဘီဘီစီကို ပြောပြခဲ့ပါတယ်။

အရှေ့ အလယ်ပိုင်းက အစိုးရတွေကို တခုပြီး တခု ပြုတ်ကျ သွားစေတဲ့ လူထု ဆန္ဒ ပြပွဲ ကြီးတွေကို ကြည့်နေတဲ့ အစ္စရေး အစိုးရ အတွက် ခုလို သူ့နိုင်ငံထဲက ဆန္ဒ ပြပွဲကြီးတွေ ကြောင့် အံ့အားသင့် တုန်လှုပ်သွားမှာ သေချာတယ်လို့ ဘီဘီစီ သတင်းထောက်က မှတ်ချက်ပေးပါတယ်။

အထူးသဖြင့် ခုဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ လူတွေဟာ အစ္စရေး တနိုင်ငံလုံးမှာ ရှိတဲ့ လူတန်းစား အလွှာ အသီးသီးက လာကြတာမို့ အစိုးရအတွက် တုန်လှုပ်စရာပါ။

အပြင်က ကြည့်ရင်တော့ အစ္စရေး နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်းဟာ မနာလိုစရာ ကောင်းလောက်အောင် ဖွံ့ဖြိုး တိုးတက်နေတာ တွေ့ရမှာပါ။

ဒါပေမယ့် တိုင်းပြည်ထဲက လူတွေကတော့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုရဲ့ အကျိုးအမြတ်ကို အညီအမျှ မရကြဘူးလို့ ခံစားရပါတယ်။

အစိုးရက စီးပွားရေး အိတ်စပတ် တချို့နဲ့ အဖွဲ့တဖွဲ့ ကောက်ဖွဲ့ ပြလိုက်ပေမယ့် ပြည်သူ လူထု အများ အပြားကတော့ အစိုးရ လုပ်နေတာတွေကို ယုံကြည်ပုံ မရကြဘူးလို့ ဘီဘီစီ သတင်း ထောက်က သတင်း ပေးပို့ထားပါတယ်