ကဒါဖီအစိုးရနဲ့ အနောက်အုပ်စု လျှို့ဝှက်ဆက်ဆံမှုရှိ

ထရီပိုလီမြို့ရဲ့ လစ်ဗျားအစိုးရ အဆောက် အဦး ထဲကနေ တွေ့ရှိရတဲ့ အထောက် အထား တွေအရ အနောက်နိုင်ငံ ထောက်လှမ်းရေး ဌာနတွေနဲ့ ဗိုလ်မှူးကြီး မွန်မာ ကဒါဖီ အစိုးရ အကြား နီးကပ်တဲ့ ဆက်ဆံမှုတွေ ရှိခဲ့တယ်ဆိုတာကို ဖေါ်ပြနေ ပါတယ်။

ဓာတ်ပုံ မူပိုင် cia
Image caption မသင်္ကာသူတွေကို လစ်ဗျားပို့ပြီး CIA က စစ်ဆေးတာတွေ ရှိခဲ့ပါတယ်

အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က တွေ့ရှိခဲ့တဲ့ ဖိုင်တွေထဲမှာ လစ်ဗျားထောက်လှမ်း ရေး ဌာနဟာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ (CIA)၊ ဗြိတိသျှ ထောက်လှမ်းရေး MI6 အပြင် တခြားအေဂျင်စီတွေနဲ့ပါ ဆက်ဆံမှုရှိနေခဲ့တာကို ဖေါ်ပြထားပါတယ်။

CIA အနေနဲ့ အကြမ်းဖက်မှုအတွက် မသင်္ကာသူ တွေကို စစ်ဆေးဖို့ လစ်ဗျားကို ပို့ခဲ့သလို၊ ပြည်ပ က ကဒါဖီ ဆန့်ကျင်ရေး သမားတွေကိုလည်း ဗြိတိသျှ MI6 က လစ်ဗျားအစိုးရထံ သတင်း ပေးခဲ့တာတွေ ရှိတယ်ဆိုတဲ့အကြောင်း အဲဒီ အချက်အလက်တွေက ဖေါ်ပြနေပါတယ်။

လစ်ဗျားမှာ ပြုလုပ်တဲ့ တချို့သော စစ်ဆေးမှုတွေအတွင်း CIA က ပုဂ္ဂိုလ်တွေပါ ရှိနေတယ် လို့ Human Rights Watch အဖွဲ့ရဲ့ အရာရှိက စွပ်စွဲပြောကြားပါတယ်။

နောက်ပြီး MI6 နဲ့ CIA တို့နဲ့ အရင်လစ်ဗျား စစ်ထောက်လှမ်းရေးခေါင်းဆောင် မူဆာကူဆာ အကြား အပြန်အလှန် သတင်းဖလှယ်တဲ့ အထောက်အထားတွေကိုလည်း တွေ့ရကြောင်း Human Rights Watch အဖွဲ့က ပြောပါတယ်။

ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ကတော့ အခုတွေ့ရှိချက်တွေအပေါ် ဒါဟာ အရင် အစိုးရနဲ့ ဆက်ဆံခဲ့တာတွေ ဖြစ်တယ်ဆိုပြီး အရေးမကြီးကြောင်း လျှော့ပေါ့ ပြောကြားပါ တယ်။