ဇမ်ဇီဘာ ကူးတို့နစ်မှု စုံစမ်း သွားမယ်

tanzania ဓာတ်ပုံ မူပိုင် Michuzi Blog
Image caption နစ်မြုပ်သွား ခဲ့တဲ့ ကူးတို့ယာဉ်

ပြီးခဲ့တဲ သောကြာနေ့က တန်ဇန်းနီးယား နိုင်ငံက ကိုယ်ပိုင် အုပ်ချုပ်ခွင့် တစိတ် တပိုင်း ရထား တဲ့ ဇန်ဇီဘာ ကျွန်း မှာလူ ၈၀၀ ကျော် တင်ဆောင် ထားတဲ့ ကူးတို့ ယာဉ် နစ်မြုပ် ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေး မှုတွေ ကို လုပ်ဆောင် သွားမယ်လို့ ဒေသတွင်း အစိုးရ က ပြော ပါတယ်။

အဲဒီ နစ်မြုပ်မှုဟာ ဇန်ဇီဘာ ကျွန်းနဲ့ ပန်ဘာ ကျွန်း တွေ အကြား မှာဖြစ် ခဲ့တာ ဖြစ်ပြီး လူပေါင်း ၁၈၀ ကျော်လောက် ရေနစ် သေဆုံး ခဲ့ရပါတယ်။ အဲဒီ ထဲက အများစု ဟာ ကလေး သူငယ် တွေ ဖြစ်တယ်လို့ လဲ သိရပါတယ်။

အဲဒီ အဖြစ်အပျက် က မသေဘဲ လွတ်မြောက် လာသူ တဦး ကတော့ တာဝန် ရှိသူတွေ က ဘယ်တော့မှ ရေယာဉ် တွေကို သေချာ စစ်ဆေး တာမျိုး မရှိကြောင်း၊ လူတွေကို တိရစ္ဆာန် တွေကို သယ်ပို့ ကြသလို မျိုး သဘောထား လို့ သယ်ပို့ နေကြ ကြောင်း နဲ့ ဇမ်ဇီဘာ ပြည်သူ တွေမှာ တရား ဥပဒေက ကာကွယ် ပေးထား တယ် ဆိုတာမျိုး မရှိ ကြောင်း တွေကို ပြော ကြား သွားပါတယ်။

အစိုးရ ဝန်ကြီး တဦးကတော့ ဒီအတွက် တာဝန် ရှိသူ တွေကို အရေးယူ သွားမှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီ ကူးတို့ယာဉ် နစ်မြုပ်ရာမှာ မွေ့ရာတွေ၊ ရေခဲ သေတ္တာ တွေက အစ ရေပေါ် ပေါ်နိုင် သမျှ အရာ တွေကို ဖက်တွယ် ထားကြတဲ့ လူတွေကို ရဟတ်ယာဉ် တစင်းက ဦးဆောင် လမ်းပြလို့ ကယ်ဆယ်ရေး ရေယာဉ် တွေ က သွားရောက် ပြီး ကယ်ဆယ် ခဲ့ကြပါတယ်။

အသက် ဆုံးရှုံး ခဲ့ရသူ တွေ အတွက်လဲ မြှုပ်နှံ သင်္ဂြိုဟ် ကြဖို့ အတွက် ကျန်ရစ်သူ ဆွေမျိုးတွေ ထောင်နဲ့ ချီပြီး ရောက်လာကြတယ် လို့လဲ သိရ ပါတယ်။