အမေရိကန်မှာ ဆင်းရဲမှု မြင့်တက်

US Poverty
Image caption အောက်ဆုံးက လူတွေဟာ ဆင်းရဲမှုဒဏ်ကို ပိုခံနေရ

လွန်ခဲ့တဲ့လ အနည်းငယ် လောက်ကစပြီး အမေရိကန် စီးပွားရေးနဲ့ ပတ်သက်ပြီး သတင်းဆိုးတွေ မှန်မှန် ထွက်လာ နေတာ ခုထိ အတောသတ်ပုံ မရသေးပါဘူး။

အကြွေးတွေ များလွန်းလို့ ကြွေးပြန် ဆပ်နိုင်ခြေ အဆင့် ချခံရသလို အလုပ် လက်မဲ့ ဦးရေဟာ လည်း ကိုးရာခိုင်နှုန်း ကနေ ကျကို မကျနိုင် ဖြစ်နေ ပါတယ်။

ဘူးလေးရာ ဖရုံဆင့်ဆိုသလို မနေ့က ထပ်ထွက် လာတဲ့ ကိန်းဂဏန်းတွေက အမေရိကန် စီးပွားရေးကို ပိုပြီး အဆိုးမြင်ဖို့ ညွှန်ပြနေပါတယ်။

မိသားစုတွေရဲ့ ဝင်ငွေ ကျလာသလို ဆင်းရဲမှုနှုန်းဟာ နှစ်နှစ်ဆယ် အတွင်းမှာ အမြင့်ဆုံးကို ရောက်လာခဲ့ပါတယ်။

အမေရိကန်မှာ ဆင်းရဲမှုကို တရားဝင် သတ်မှတ်ပုံက လူလေးယောက် ရှိတဲ့ မိသားစု တစုရဲ့ တနှစ် ဝင်ငွေ ဒေါ်လာ နှစ်သောင်း နှစ်ထောင် အောက်မှာပဲ ရှိရင် သူတို့ကို ဆင်းရဲတယ်လို့ သတ်မှတ် ပါတယ်။

မနေ့က ထွက်လာတဲ့ ကိန်းဂဏန်းတွေ အရ အမေရိကန်မှာ ပြောခဲ့တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့ ဆင်းရဲတယ်လို့ သတ်မှတ်ခံရသူ စုစုပေါင်းဟာ လေးဆယ့် ခြောက်သန်းထိ စံချိန်တင် မြင့်တက် လာတာကို ပြနေပါတယ်။

ဆင်းရဲမှု အရေအတွက်က သုံးနှစ်ဆက်တိုက် မြင့်တက်လာရာမှာ ခုဆိုရင် ဆယ့်ငါး ဒဿမတစ် ရာခိုင်နှုန်းထိ ရှိနေပါပြီ။

စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ လွန်ခဲ့တဲ့ တနှစ်ကျော်က အပေါင်း လက္ခဏာ ပြန်ပြလာတယ် ဆိုပေမယ့် ဆင်းရဲသူ အရေအတွက် ခုလို ဆက်တက် လာတာကို ကြည့်ရင် စီးပွားရေး နလံ ပြန်ထူလာမှုရဲ့ အကျိုး အမြတ်ကို လူတိုင်း တန်းတူ မခံစား ရတာကို ပြနေပါတယ်။

အထူးသဖြင့် အဆင်းရဲဆုံးလူတွေဟာ ဒီ စီးပွားရေး နလံပြန်ထူလာမှုရဲ့ အကျိုးအမြတ်ကို လုံးဝ မခံစားရပါဘူး။

စီးပွားရေးကို ညွှန်ပြတဲ့ ကိန်းဂဏန်း တွေဟာ လွန်ခဲ့တဲ့ လအနည်းငယ်က စပြီး အကျ ဘက်ကို မှန်မှန် ပြလာနေပြီး စီးပွားရေး နလံထူမှုဟာ အားမကောင်းလှတာ တွေ့ရပါတယ်။

ဥပမာ ဇူလိုင်လ တုန်းကဆိုရင် အလုပ်အကိုင်သစ် ဖန်တီးနိုင်မှု လုံးဝ မရှိခဲ့ဘဲ စားသုံးသူတွေရဲ့ သုံးစွဲမှုအားလည်း နည်းနေသေးတယ်။

Image caption ဒေါ်လာတန်ဖိုး ကျပေမယ့် ပို့ကုန်က သိသိသာသာ တက်မလာခဲ့

နောက် အမေရိကန် ဒေါ်လာတန်ဖိုး ကျတာ တောင် ပို့ကုန် အတွက် အကြီးစား ကုန်ထုတ် လုပ်မှုတွေဟာ တက်ကို မလာတာ တွေ့ရပါတယ်။

အမေရိကန်က ဘဏ်တွေမှာ ပြန်မဆပ်နိုင်တဲ့ အကြွေးတွေ ပုံနေသလို အိမ်စျေးတွေကလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင် စိတ်ပျက်စရာ ကောင်းလောက်အောင် ဆက်ကျနေဆဲပါ။

ဒီတော့ ဒီနေ့လို ဆင်းရဲမှု ဦးရေ မြင့်တက်လာတာမျိုးက အံ့အားသင့်စရာတော့ မရှိပါဘူးလို့ ဘီဘီစီ သတင်းထောက် ပေါအာဒမ်စက နယူးယောက် ကနေ သတင်းပေးပို့ထားပါတယ်။