ဂရိ ယူရိုဇုံထဲ ဆက်ရှိနေမယ်လို့ ဂျာမနီပြော

ဓာတ်ပုံ မူပိုင် no
Image caption ဂရိ ဒေဝါလီ ခံတော့မယ်ဆိုတဲ့ အပြောတွေကြောင့် ယူရို စျေးကျ

ဂရိ အစိုးရ သူပေးစရာ ရှိတဲ့ အကြွေးတွေ ကို ဆပ်မှာ မဟုတ်တော့ဘူး ဆိုတဲ့ ကော လဟာလတွေ ထွက်လာ ပြီးနောက် ဂရိ၊ ဂျာမနီ၊ ပြင်သစ် နိုင်ငံတွေက ကဗျာ ကယာ အစည်းအဝေး ခေါ်ပြီး ရှင်းလင်းခဲ့ပါတယ်။

တယ်လီဖုန်းပေါ်မှာ သုံးနိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေးကြပြီးနောက် ဂရိဟာ ယူရိုဇုံထဲမှာ အဓိက အခန်းကဏ္ဍမှာ ဆက်ရှိနေအုံးမယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဥရောပ သမဂ္ဂရဲ့ ဂရိကို ကယ်ဆယ်ဖို့ သဘောတူညီချက် အရ ဂရိဘက်က လုပ်ဆောင်စရာ ရှိတဲ့ အစီအမံတွေ အားလုံးကို မဖြစ်မနေ လုပ်ဆောင်ဖို့ သံဓိဌာန် ချထားတယ် ဆိုပြီး ဂရိ ဝန်ကြီးချုပ် ဂျော့ပါပင်ဒရိုက အတည်ပြုခဲ့တယ်လို့ ပြင်သစ် သမ္မတရုံးက ပြောပါတယ်။

ဂရိ အစိုးရဟာ ဘတ်ဂျက် လိုငွေပြမှု လျော့အောင် ကြိုးစား လုပ်နေပေမယ့် မူလ မှန်းထားတဲ့ အချိန်ဇယား အတိုင်း မလုပ်နိုင် ဖြစ်နေပါတယ်။

အီတလီမှာ ခြိုးခြံ ချွေတာရေး အစီအမံ တခုကို လွှတ်တော်က အပြီးသတ် အတည်ပြုပေး လိုက်ပါတယ်။

ဒီအစီအမံအရ အီတလီရဲ့ ဘတ်ဂျက် လိုငွေ ပြမှုကို သုံးနှစ်တာ ကာလ အတွင်းမှာ ဒေါ်လာ ဘီလီယံ ခုနှစ်ဆယ်ကျော်ထိ လျှော့ချဖို့ ရည်ရွယ် ထားပါတယ်။

ခြိုးခြံ ချွေတာရေး ဥပဒေကြမ်းကို လွှတ်တော်မှာ တင်တဲ့အခါ ဝန်ကြီးချုပ် ဘာလူစကိုနီရဲ့ ညွန့်ပေါင်း အစိုးရထဲမှာ နက်နက် ရှိုင်းရှိုင်း သဘောထား ကွဲလွဲခဲ့ပြီး လမ်းပေါ်မှာ ဒီဥပဒေကြမ်းကို ဆန္ဒ ပြခဲ့ပါတယ်။

ဒီအစီအမံထဲမှာ အစိုးရ အသုံး စရိတ် လျှော့ချပြီး တဘက်မှာ အခွန် တိုးကောက်မှာ ဖြစ်ပါတယ်။

ဒီအစီအမံကို လွှတ်တော်ထဲ မဲခွဲနေတုန်း လွှတ်တော် အပြင်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ရုန်းရင်း ဆန်ခပ် ဖြစ်ပွားခဲ့ပါတယ်။