ကမ္ဘာ့ စီးပွားရေး ပျက်ကပ် ပြန်ဆိုက်နိုင်လို့ IMF သတိပေးပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption အိုင်အမ်အက်ဖ် အကြီးအကဲ ခရစ်စတင်း လဂါး

ကမ္ဘာ့ စီးပွားရေးဟာ အန္တရာယ် ကျရောက်တော့မယ့် အခြေအနေ ဆီကို ဦးတည်နေပြီလို့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF က သတိပေးလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ ယူရိုဇုံ တို့ဟာ စီးပွား ပျက်ကပ်ထဲ ပြန်ကျရောက်ဖို့ အန္တရာယ် တိုးလာနေပြီး ဒါဟာ တခြား နိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်မှုကိုလည်း အကြီးအကျယ် ထိခိုက် စေနိုင်တယ်လို့ ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ အစိုးရ အသုံးစရိတ် အလျင်အမြန် ဖြတ်တောက်မှုဟာ အန္တရာယ် ရှိပြီး ဒီအချက်က အနာဂတ် စီးပွားရေးကို ထပ်ပြီး ယိုင်နဲ့စေလိမ့်မယ်လို့ IMF ရဲ့ နောက်ဆုံး ထွက်လာတဲ့ ခန့်မှန်းသုံးသပ်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဥရောပ ဗဟိုဘဏ်က အတိုးနှုန်းကို ဖြတ်တောက် လျော့ချသင့်ပြီး ဥရောပ ခေါင်းဆောင်တွေ အနေနဲ့လည်း သူတို့ သဘော တူညီထားတဲ့ အတိုင်း စီးပွားရေး ပြဿနာကို ဖြေရှင်းဖို့ လုပ်ဆောင်ချက်တွေ အမြန်ချမှတ် သင့်တယ်လို့ ပြောပါတယ်။

အာရှက အရေးပါတဲ့ နိုင်ငံကြီးတွေကလည်း ကမ္ဘာ ကုန်သွယ်ရေးမှာ လိုအပ်တဲ့ အတိုင်း မဖြည့်တင်း နိုင်ခဲ့ဘူးလို့လည်း IMF က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် no
Image caption ယူရိုဇုံထဲမှာ ဒုက္ခပေးနဲ့ ဂရိ ပြဿနာ မငြိမ်းသေး

ဂရိ ဘဏ္ဍာရေး ဝန်ကြီးဟာ ကြွေးမြီ ဆိုင်ရာ စစ်ဆေးရေး အရာရှိတွေနဲ့ ဒုတိယအကြိမ် ထပ်မံ ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး စီးပွားရေး နလံထူလာအောင် နိုင်ငံတကာက ကြွေးမြီ အကူအညီ ထပ်ရရေး အတွက် ကြိုးစားနေပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ မချခဲ့ပေမယ့် အဲဒီ စစ်ဆေးရေး အရာရှိတွေ နောက် သီတင်းပတ်ထဲမှာ ဂရိကို သွားပြီး အလျင်အမြန် လုပ်ဆောင်ရမယ့် အစိုးရ ဘတ်ဂျက် အကြီးအကျယ် လျော့ချရေးမှာ တိုးတက်မှု ရှိမရှိ ပြန်လည် သုံးသပ်လိမ့်မယ်လို့ ဥရောပ ကော်မရှင်က ပြောပါတယ်။

ဂရိဟာ ဥရောပ သမဂ္ဂနဲ့ IMF က ချေးငွေ ဒေါ်လာ ၁၁ ဘီလီယံ ထပ်မရခဲ့ရင် လာမယ့် သီတင်းပတ်တွေ အတွင်း လက်ထဲမှာ ငွေပြတ်သွားနိုင်ပါတယ်။

ဂရိနိုင်ငံ အနေနဲ့ အများပိုင် လုပ်ငန်းတွေက ဝန်ထမ်း အရေအတွက် လျော့ချပြီး တချို့ အရေးမပါတဲ့ ဌာနတွေကို ပိတ်ပစ်ဖို့ လိုတယ်လို့ IMF က ပြောပါတယ်။