လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီ အိုဘားမား အသိအမှတ်ပြု

ဓာတ်ပုံ မူပိုင် Reuters
Image caption အသွင်ကူးပြောင်းရေး အစိုးရ တပ်ဖွဲ့တွေ ဆာဟာ့ မြို့ကို သိမ်းနိုင်ဖို့ ကြိုးစားဆဲ

လစ်ဗျားနိုင်ငံမှာ ဗိုလ်မှူးကြီး ကဒါဖီရဲ့ ယောက်ဖ ၊ ထောက်လှမ်းရေး အကြီးအကဲ Abdullah al-Senussi ဟာ အခုအခါ တောင်ပိုင်းက Sabha မြို့မှာ ရှိနေပြီး ဒီဒေသကို ခုခံနိုင်ဖို့ ကြေးစား လက်ဖြောင့် တပ်သား အများအပြား စုဆောင်းဖို့ ကြိုးစားနေတယ်လို့ အသွင် ကူးပြောင်းရေး အစိုးရရဲ့ ထိပ်တန်း စစ်တပ် ခေါင်းဆောင် General Suleiman Mahmoud al-Obeidi က ဘီဘီစီကို ပြောပါတယ်။

အခု သီတင်းပတ် အစောပိုင်းတုန်းက ကြေးစား လက်ဖြောင့် တပ်သားတွေ ဖြစ်တဲ့ တိုင်းရင်းသား လူမျိုးစု တိုက်ခိုက်ရေး သမားတွေ အယ်ဂျီးရီးယား ကနေ လစ်ဗျား နိုင်ငံထဲကို ဖြတ်ကျော် ဝင်ရောက်လာတယ်လို့ ဗိုလ်ချုပ်ကြီး အိုဘိုင်းဒီက ပြောပါတယ်။

ဆာဟာ့ မြို့ဟာ ကဒါဖီ တပ်ဖွဲ့ဝင်တွေ လက်ထဲမှာ ရှိနေသေးတဲ့ မြို့တွေထဲက တမြို့ ဖြစ်ပေမယ့် မကြာခင် ရက်ပိုင်း အတွင်း အသွင်ကူးပြောင်းရေး အစိုးရ တပ်ဖွဲ့တွေ ဒီမြို့ထဲကို ဝင်သိမ်းနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ တိုက်ခိုက်ရေး သမားတွေ အနေနဲ့ နည်းဗျူဟာတွေ ပြောင်းပြီး တိုက်ဖို့ ညွှန်ကြား ထားတယ် ၊ ဒီမြို့ဟာ မကြာခင် သူတို့လက်ထဲ ကျလိမ့်မယ်လို့ ယုံကြည်ကြောင်း ဗိုလ်ချုပ်ကြီးက ပြောပါတယ်။

Image caption NTC ကို ကြိုဆိုတဲ့ အိုဘားမား

နယူးယောက်မြို့ ကုလသမဂ္ဂ အဆောက်အဦမှာ လစ်ဗျားက အသွင် ကူးပြောင်းရေး ကောင်စီ ခေါင်းဆောင်ကို သမ္မတ အိုဘားမားက ကြိုဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အဆောက်အဦ အပြင်ဘက်မှာ လစ်ဗျား အလံသစ်ကို လွှင့်တင်လိုက်ပြီး မစ္စတာ အိုဘားမားနဲ့ တခြား ကမ္ဘာ့ ခေါင်းဆောင်တွေက အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ ခေါင်းဆောင် Mustafa Abdul Jalil မူစတာဖာ အက်ဘ်ဒူ ဂျာလေးကို နှုတ်ဆက် ခဲ့ကြပါတယ်။

လစ်ဗျားနိုင်ငံမှာ လွတ်လပ်မှု အတွက် အားထုတ်ခဲ့ကြတဲ့ လူထုရဲ့ ကြိုးပမ်းချက်ကို မစ္စတာ အိုဘားမားက ချီးကျူးစကား ပြောကြားလိုက်ပြီး ရှေ့မှာ အခက်အခဲတွေ ဆက်လက် ရင်ဆိုင် ရဦးမှာ ဖြစ်ပေမယ့် လစ်ဗျား ပြည်သူတွေ ခြိမ်းခြောက်ခံ နေရသရွေ့ နိုင်ငံတကာ ညွန့်ပေါင်း တပ်ဖွဲ့တွေက ဆက်လက် အထောက်အပံ့ ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption AU ခေါင်းဆောင်တွေကြား သဘောကွဲ

အာဖရိက သမဂ္ဂ အတွင်းမှာ သီတင်းပတ်နဲ့ ချီပြီး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင် ခဲ့ပြီးတဲ့နောက် လစ်ဗျားက အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီကို တခုတည်းသော တရားဝင် အစိုးရ အဖြစ် အသိအမှတ် ပြုလိုက်ပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီနဲ့ ဆက်ဆံရေး နီးနီးစပ်စပ် ရှိတဲ့ နိုင်ငံ အတော်များများ အာဖရိက သမဂ္ဂ ထဲမှာ ပါနေတာကြောင့် အရင်က သူပုန်လှုပ်ရှားမှု အဖြစ် ရပ်တည်ခဲ့တဲ့ အသွင်ကူးပြောင်းရေး ကောင်စီကို အသိအမှတ် ပြုရေးနဲ့ ပတ်သက်လို့ ဆွေးနွေး တဲ့အခါ နက်နက်ရှိုင်းရှိုင်း သဘောကွဲမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။