အီဂျစ်မှာ အရေးပေါ် အခြေအနေ ကြေညာချက် ရုတ်သိမ်းဖို့ ကလင်တန် ပြောကြား

ဓာတ်ပုံ မူပိုင် Reuters
Image caption အရေးပေါ် ကြေညာချက် ရုတ်ဖို့ ပြောတဲ့ ဟီလာရီ ကလင်တန်

အီဂျစ်နိုင်ငံမှာ အရေးပေါ် ကြေညာချက်ကို စစ်အစိုးရက အမြန် ရုတ်သိမ်းသင့်ပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton က ပြောကြားလိုက်ပါတယ်။

အရေးပေါ် ကြေညာချက် ရုတ်သိမ်းတာဟာ တရားဥပဒေ စိုးမိုးရေး အတွက် အဓိက ကျတဲ့ ခြေလှမ်းတရပ်ဖြစ်တာကြောင့် ရှေ့နှစ် ဇွန်လ ထက် ပိုစောနိုင်သမျှ စောစော လုပ်ဆောင်တာ မြင်လိုတယ်လို့ ဆိုပါတယ်။

ဝါရှင်တန်မြို့မှာ အီဂျစ် နိုင်ငံခြားရေး ဝန်ကြီး Muhammed Amr မိုဟာမက် အာမီရာနဲ့ တွေ့ဆုံပြီးတဲ့နောက် မစ္စက် ကလင်တန်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အီဂျစ်မှာ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတဟောင်း ဟော်စနီ မူဘာရက် လက်ထက် ကတည်းက ပြဌာန်းခဲ့တဲ့ အရေးပေါ် ကြေညာချက်ကို အခု အုပ်ချုပ်နေတဲ့ ကြားဖြတ် အစိုးရက သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။