အမေရိကန်တို့ ဆက်သွယ်လာတယ်လို့ ဟက်ကာနီပြော

ဓာတ်ပုံ မူပိုင် Other
Image caption ကာဘူးလ်မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို လုပ်ခဲ့သူလို့ ဟက်ကာနီ စွပ်စွဲခံထားရ

အာဖဂန်နစ္စတန်နိုင်ငံမှာ ရှိတဲ့ ဟက်ကာနီ လက်နက်ကိုင် ကွန်ယက်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဆီရာ့ဂျ် ဟက်ကာနီ က အမေရိကန် ထောက်လှမ်းရေး အဖွဲ့က သူ့ကို လာဆက်သွယ် ခဲ့တယ်လို့ ပြောပါတယ်။

သူ့အဖွဲ့ကို အာဖဂန် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပြောဆိုဖို့ အမေရိကန်က လိုလား နေတာ ဖြစ်ပါတယ်။

သူဘယ်လို တုန့်ပြန်မလဲဆိုတာကိုတော့ ထုတ်ဖေါ် မပြောသွားပါဘူး။

ဘီဘီစီ Pashto ဌာနက စာရေးမေးထားတဲ့ မေးခွန်းတွေကို ဆီရာ့ဂျ် ဟက်ကာနီ က အသံသွင်းစက်ကနေ ပြန်ဖြေရာမှာ အခုလို ပြောသွားတာ ဖြစ်ပါတယ်။

သူ့လက်ချက်လို့ အစွပ်စွဲ ခံထားရတဲ့ မကြာသေးခင်က ကာဘူးလ်မြို့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ ဆီရာ့ဂျ် ဟက်ကာနီ က အဲဒီတိုက်ခိုက်မှုတွေဟာ တာလီဘန်တွေ ခန့်ထားတဲ့ စစ်ကောင်စီတခုက စီစဉ်ခဲ့တာ ဖြစ်ပြီး သူတို့ ကွန်ယက်က တာလီဘန်တို့ရဲ့ ညွှန်ကြားမှုအောက်မှာ လုပ်ခဲ့တာလို့ ဆိုပါတယ်။

ဟက်ကာနီ လက်နက်ကိုင် ကွန်ယက် အဖွဲ့ဟာ ပါကစ္စတန် ထောက်လှမ်းရေး အဖွဲ့ရဲ့ လက်အောက်မှာ လုပ်ကိုင် ဆောင်ရွက်နေတယ်ဆိုပြီး အမေရိကန်နဲ့ အာဖဂန် အစိုးရတွေရဲ့ အခိုင်အမာ ပြောဆိုချက်တွေကိုတော့ ဆီရာ့ဂျ် ဟက်ကာနီ က ငြင်းဆိုသွားပါတယ်။