လူသတ်မှုနဲ့ ဖမ်းထားသူတွေ အီတလီ တရားရုံးက ပြန်လွှတ်ပေး

Image caption လွတ်မြောက်သွားတဲ့ အမန်ဒါ နော့စ်

အမေရိကန်နဲ့ ဥရောပ တလွှားက မီဒီယာ လောကမှာ လွှမ်းမိုးထားတဲ့ ဗြိတိန်က ကျောင်းသူ Meredith Kercher အသတ်ခံရမှုနဲ့ ပတ်သက်လို့ အဖမ်းခံထားရတဲ့ အမေရိကန် ကျောင်းသူ Amanda Knox နဲ့ သူ့ရည်းစားဟောင်း အီတလီ နိုင်ငံသား Raffaele Sollecito တို့ကို အီတလီ တရားရုံးတခုက အမှုက ကင်းလွတ်ကြောင်း အမိန့်ချမှတ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်တုန်းက အီတလီက Perugia မြို့မှာ မဲရီဒစ်သ် ခါချာ အသတ်ခံရမှု အပေါ် သူတို့ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်အပေါ် အယူခံဝင်ခဲ့ရာမှာ အခုလို တရားရုံးက တရားသေ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီလို လွှတ်ပေးကြောင်း အမိန့်ချတဲ့ အချိန်မှာ အမန်ဒါ နော့စ် က ငိုရှိုက်ခဲ့ပြီး ကြောက်မက်ဖွယ် ဆိုးရွားတဲ့ ဖြစ်ရပ်ကြီး ပြီးဆုံးသွားပြီလို့ သူ့မိသားစုဝင်တွေက ပြောပါတယ်။

တရားရုံး အပြင်ဘက်မှာတော့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက အခုလို စီရင်ချက် ချတဲ့အပေါ် ရှက်ဖွယ်လုပ်ရပ်လို့ အော်ဟစ်ခဲ့ကြပါတယ်။

မစ် ခါချာရဲ့ အလောင်းကို ရှာတွေ့ချိန်မှာ လည်ပင်းကို ဓါးနဲ့ ဖြတ်ထားတာကို တွေ့ရတာ ဖြစ်ပါတယ်။

အစိုးရ ရှေ့နေတွေ အပြောအရ မူးယစ်ဆေးဝါး သုံးစွဲပြီး sex game ကစားကာ အခုလို သတ်ဖြတ်မှု ကိစ္စတွေ ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။

မဲရီဒစ်ခါချာဟာ အသတ်ခံရပေမယ့် လျစ်လျူရှုထားခံနေရတယ်လို့ သူ့မိသားစုဝင် တွေက ပြောပါတယ်။