ဆိုမာလီမှာ ပြင်းထန်တဲ့ ဗုံး ပေါက်ကွဲ

Somalia ဓာတ်ပုံ မူပိုင် AP
Image caption ဆိုမာလီမြို့တော် မိုဂါဒစ်ရှုးမြင်ကွင်း

ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒစ်ရှူးမှာ အစိုးရ အရာရှိတွေ အစည်းအဝေး ကျင်းပနေတဲ့ ရုံးတခုကို၊ အသေခံ ဗုံးခွဲ တိုက်ခိုက် ခံရတာကြောင့် လူ ၅၅ ထက်မနည်း သေဆုံး သွားပြီး၊ နောက်ထပ် လူ ၅၀ လောက် ဒဏ်ရာ ရသွား ခဲ့ပါတယ်။

ဆိုမာလီက အစ္စလာမ္မစ် စစ်သွေးကြွ အုပ်စု တခုဖြစ်တဲ့ al-Shabab အဖွဲ့က အခုတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဆိုမာလီ မြို့တော် မိုဂါဒစ်ရှူးကနေ အဲဒီ စစ်သွေးကြွ အဖွဲ့ဝင်တွေ ဆုတ်ခွာသွားပြီး ကတည်းက ဒီတကြိမ် တိုက်ခိုက်မှုဟာ အပြင်းထန်ဆုံးပါ။

အစိုးရ ရုံးဝင်းတခုရဲ့ အဝင်စစ်ဆေးရေး ဂိတ်မှာ ဖောက်ခွဲရေး ပစ္စည်းတွေ တင်လာတဲ့ ကားတစင်း ထိုးရပ်လိုက် ပြီးတဲ့နောက် ဒီလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ရဲအရာရှိ အလီဟူစိန်က အေပီ သတင်းဌာန ကိုပြောပြခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဆိုမာလီမှာ မြင်ခဲ့ဘူး သမျှထဲမှာ အဆိုးရွားဆုံး ဘဲလို့ အဲဒီမှာ ရှိနေ တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ ဆိုမာလီမှာ ၁၉၉၁ ခုနှစ် ကတည်းကစပြီး ထိထိ ရောက်ရောက် အုပ်ချုပ်နိုင်တဲ့ ဗဟို အစိုးရ တရပ် မရှိဘဲ နေလာခဲ့တာပါ။

အင်အားချိနဲ့နေတဲ့အသွင်ကူး ပြောင်းရေး အစိုးရနဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေကြား နိုင်ငံကို ထိမ်းချုပ်ဖို့ အားပြိုင်နေခဲ့ကြပါတယ်။ အယ်ခိုင်းဒါးနဲ့ ဆက်နွယ်မှုရှိနေတဲ့ al-Shabab စစ်သွေးကြွအဖွဲ့ဟာ နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေ တလျှောက် ဒေသတွေကို ကျယ်ကျယ် ပြန့်ပြန့် ထိမ်းချုပ်ထားပါတယ်။

ဒီအဖွဲ့ဟာမိုဂါဒစ်ရှူး မြို့ကဆုတ်ခွာသွားတာ ၂ လကြာပြီဖြစ်ပေမယ့် တကယ်လို့ သူတို့ကို ထိမ်းထားနိုင်တဲ့ ရှေ့တန်း စည်းမရှိ ရင် ဒီလို အသေခံဗုံးခွဲမှုတွေ အပါအဝင် နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းကလည်း ကင်ညာနယ်စပ်မှာရှိတဲ့ မြို့နှစ်မြို့ကို အစိုးရလိုလား တဲ့ တပ်ဖွဲ့တွေ လက်ထဲက နေသိမ်းယူဖို့ သူတို့က ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဆိုမားလီးယားရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြားထဲမှာ မနှစ်ကကြုံခဲ့ရတဲ့ နှစ်ပေါင်း ၆၀ အတွင်းအဆိုးဆုံးမိုးခေါင် ရေရှားမှု ဒဏ်ကြောင့် ပိုပြီးဆိုးရွားစေပါတယ်။ ဒီသဘာဝ ဘေးဒဏ်ကြောင့် စားနပ်ရိက္ခာရှာဖို့ လူတွေထောင် သောင်းချီ ပြီး မိုဂါဒစ်ရှူးကို ရောက်လာ ကြပါတယ်။

ဆိုမားလီးယားရဲ့ ဒေသ ၆ ခုကို ရိက္ခာ ပြတ်လပ်ပြီး ဒုက္ခတွေ့နေတဲ့ နေရာတွေအဖြစ် ကုလသမဂ္ဂက ကြေညာထားပါတယ်။ ဒီတော့ al-Shabab အဖွဲ့ရဲ့ တိုက်ခိုက်မှုဟာ ဆိုမာလီ အစိုးရကို သာမကဘဲ၊ ရိက္ခာ ထောက်ပံ့ပေးနေတဲ့ ကယ်ဆယ် ရေးဝန်ထမ်းတွေ အတွက်ပါ စိုးရိမ်စရာ ဖြစ်စေတယ်လို့ ဘီဘီစီ အရှေ့အာဖရိက ဆိုင်ရာ သတင်းထောက် Will Ross ကပြောပါတယ်။