Yingluck မြန်မာပြည်သွားရင် လူ့အခွင့်အရေး အကြောင်းလည်း ထောက်ပြသင့်

ဓာတ်ပုံ မူပိုင် BBC World Service
Image caption Yingluck မြန်မာပြည်သွားမယ်

ထိုင်းဝန်ကြီးချုပ်သစ် ယလပ် ရှင်နာဝပ်ဟာ မြန်မာနိုင်ငံကို ပထမဆုံး တရားဝင် ခရီးအဖြစ် သွားရောက်ရာမှာ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသလို လူ့အခွင့်အရေး ကိစ္စတွေကိုလည်း ဦးတည် ဆွေးနွေး သင့်တယ်လို့ Human Rights Watch လူ့အခွင့်အရေး အဖွဲ့ ကပြောပါတယ်။

အောက်တိုဘာလ ငါးရက်နေ့မှာ နေပြည်တော်ကို သွားကာ သမ္မတသစ် ဦးသိန်းစိန်နဲ့ တွေ့ဆုံမယ်လို့ ဆိုပေမယ့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ ယဉ်လပ်ခ်ဟာ ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုတွေ အပေါ် စိတ်ပူသလို လူ့အခွင့်အရေး ကိစ္စကိုလည်း စိုးရိမ်ကြောင်း မြန်မာအစိုးရ ခေါင်းဆောင်တွေ သိအောင် ရှင်းရှင်းလင်းလင်း ပြောပြသင့်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တွေအားလုံးကို ပြန်လွှတ်မှသာ မြန်မာ အာစီယမ် ဥက္ကဌ ဖြစ်ရေးကို ထိုင်းက ထောက်ခံမှာ ဖြစ်ကြောင်းနဲ့ တကယ့် စစ်မှန်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ အတွက် ခိုင်မာတဲ့ အချိန်ဇယားတွေ ထုတ်ပြန်ပေးဖို့ လိုနေပြီ ဆိုတာကို မြန်မာ အစိုးရကို သတိပေးသင့်လို့ Human Rights Watch အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး Elain Pearson က ပြောပါတယ်။