စကိုက်ပ်ကို မိုက်ခရိုဆော့ဖ်က ဝယ်ယူ

Skype ဓာတ်ပုံ မူပိုင် BBC World Service
Image caption Skype ကနေ ကမ္ဘာတစ်ဝန်း ဖုန်းခေါ်လို့ရ

အင်တာနက်ဖုန်းကုမ္ပဏီ Skype ကို Microsoft ကုမ္ပဏီကြီးက ဒေါ်လာ သန်း ၈၅၀၀ နဲ့၀ယ်ယူတာကို ဥရောပ ကော်မရှင် က အတည်ပြုပေးလိုက်ပါပြီ။

မိုင်ခရိုဆော့ဖ်ကနေ စကိုက်ပ် ကုမ္ပဏီကို ဝယ်ယူဖို့ ကုမ္ပဏီနှစ်ခုကြား သဘောတူခဲ့ ကြောင်း ကြေငြာတာကတော့ ဒီနှစ် မေလက ဖြစ်ပေမယ့် ဥရောပကော်မရှင်ကနေ အတည်ပြုပေးလိုက် တာကတော့ အခုမှ ဖြစ်ပါတယ်။

ဥရောပက လပ်ဆင်ဘတ် နိုင်ငံအခြေစိုက် စကိုက်ပ် ကုမ္ပဏီကို မိုက်ခရိုဆော့ဖ်က ဝယ်ယူခဲ့တာဟာ ဥရောပရဲ့ စျေးကွက်ကို မထိခိုက်စေနိုင်ဘူးလို့ ယူဆတဲ့အတွက် အခုလို ခွင့်ပြုလိုက်တဲ့အကြောင်း ဥရောပ ကော်မရှင်က ပြောပါတယ်။ ဆိုလိုတာက ကုမ္ပဏီကြီးတစ်ခုကနေ လက်ဝါးကြီးအုပ်တာမျိုး မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပါ။

စျေးကွက်ထဲမှာ စကိုက်ပ်ကနေ အင်တာနက်ဝန်ဆောင်မှုပေးသလိုမျိုး ပေးနေကြတဲ့အထဲမှာ ဂူဂဲလ် အပါအအဝင် တခြားကုမ္ပဏီမျိုးတွေ ရှိနေတယ်လို့ ဥရောပ ကော်မရှင်က ပြောပါတယ်။

၈ နှစ် သက်တမ်းပဲ ရှိသေးတဲ့ စကိုက်ပ်ကုမ္ပဏီကို အစောပိုင်းမှာ အီးဘေး ကုမ္ပဏီက ဒေါ်လာ သန်း ၂၆၀၀ နဲ့ ဝယ်ယူခဲ့ပါတယ်။ နောက်ပိုင်း ရှယ်ယာ အများအပြားကို ပြန်ထုတ်ရောင်းခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service

အခုတော့ မိုက်ခရိုဆောဖ်က သူ့သမိုင်းမှာ ကုမ္ပဏီတစ်ခုတည်းအတွက် အကြီးမားဆုံး ငွေကြေးရင်းနှီးမြှပ်နှံမှုအနေနဲ့ စကိုက်ပ်ကို ဝယ်ယူလိုက်တာပါ။

စကိုက်ပ် ကုမ္ပဏီရဲ့ အဓိက ဝန်ဆောင်မှုကတော့ အင်တာနက်ကနေ ကမ္ဘာနိုင်ငံအသီးသီးကို ဖုန်းခေါ်ဆိုလို့ရတဲ့ ဝန်ဆောင်မှုပါ။ အဲဒီအတွက် ဖုန်းခေါ်ခ ပေးရပေမယ့် စကိုက်ပ်အသုံးပြုတဲ့သူ အချင်းချင်း ဖုန်းနံပါတ်ကို မသုံးပဲ ဆက်သွယ်မယ် ဆိုရင်တော့ အခမဲ့ ပြောလို့ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဗီဒီယိုနဲ့လည်း အပြန်အလှန် ကြည့်ပြီးတော့လည်း ပြောနိုင်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာဆိုရင် စကိုက်ပ်ဝန်ဆောင်မှုကို အသုံးပြုသူပေါင်း လောလောဆယ် သန်း ၆၅၀ ရှိပါတယ်။ ဒါကြောင့် လူကြိုက်များလာတဲ့ စကိုပ်ပ်ကို မိုက်ခရိုပ်ဆော့ပ်က ဝယ်ယူလိုက်တာပါ။

နောက်ပြီး မိုက်ခရိုဆော့ဖ်ရဲ့ ပြိုင်ဘက် ကုမ္ပဏီတွေက မိုဘိုင်းဖုန်း တွေပေါ်မှာ အင်တာနက် ဖုန်းခေါ်ဆိုမှုတွေ အသုံးပြုခွင့် ပေးနေသလို နောင်ဆိုရင် မိုက်ခရိုဆော့ဖ်ရဲ့ Xbox ဂိမ်းတွေ၊ ဝင်းဒိုးစ် မိုဘိုင်းဖုန်း တွေမှာလည်း စကိုက်ပ်ကို အသုံးပြုလို့ ရလာတော့မှာလည်း ဖြစ်ပါတယ်။