ကိုင်ရို မှာ ကာဖျူး ထုတ်ပြီ

egypt_christians_protest ဓာတ်ပုံ မူပိုင် AFP
Image caption ကိုင်ရို မြို့က ဆန္ဒပြပွဲ

အီဂျစ် နိုင်ငံ ကိုင်ရိုမြို့တော် မှာတော့ လုံခြုံရေး တပ်ဖွဲ့တွေ နဲ့ ကော့ပ်တစ် ခရစ်ယာန် အဖွဲ့အစည်း တခုက လူတွေ ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ရာက လူပေါင်း ၁၃ ဦးထက်မနည်း သေဆုံး ခဲ့ရတဲ့ အတွက် အာဏာပိုင် တွေက ညမထွက်ရ အမိန့်ကို ထုတ်ပြန် လိုက်ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် အတွင်းက အီဂျစ် တောင်ပိုင်းမှာ ခရစ်ယာန် ဘုရား ရှိခိုးကျောင်း မီးလောင် ခဲ့ရတာ ဟာ မွတ်စလင် အစွန်းရောက် တွေရဲ့ လက်ချက် ကြောင့်လို့ ဆိုပြီး ကော့ပ်တစ် ခရစ်ယာန် တွေ ထောင်နဲ့ ချီပြီး ချီတက် ဆန္ဒပြ ခဲ့ကြ တာဖြစ် ပါတယ်။ ဒီ ဆန္ဒ ပြပွဲမှာ ကော့ပ်တစ် ခရစ်ယာန် တွေ သာမက ပဲ မွတ်စလင် တွေကလဲ ပါဝင် ချီတက် ခဲ့ကြ ပါတယ်။

အဲဒီ ထဲမှာ ပါဝင် ခဲ့သူ တဦး ဖြစ်တဲ့ အီဂျစ် ဆိုရှယ် ဒီမိုကရက်တစ် ပါတီ က တာမာ အဲလ် မီဟီ က ဆန္ဒပြ ပွဲ နဲ့ ပတ်သက်လို့ ပြောပြ ရာမှာ တော့ ဆန္ဒပြသူတွေက ထောင်ပေါင်း များစွာ ရှိကြောင်း၊ ကော့ပ်တစ် ခရစ်ယာန် အများစု ပါဝင် ပေမယ့် မွတ်စလင် များ လဲ ပါဝင် ကြကြောင်း ၊ အင်မတန်မှ ကို အေးအေး ချမ်းချမ်း နဲ့ ဆန္ဒပြ ခဲ့ကြတာ ဖြစ်ကြောင်း၊ ဘာမှ ရန်လို တဲ့ အပြုအမူ ကိုမှလဲ မလုပ်ကြောင်း နဲ့ အဲဒီ အချိန်မှာ သေနတ်သံ တွေ ကို ရုတ်ခြည်း ဆိုသလို ကြားရလိုက် ရပြီး စစ်ရဲတွေက ဆန္ဒပြသူ တွေကို တုတ်တွေ၊ ခါးပတ် တွေနဲ့ ရိုက် နှက် ကြရုံ သာမက သေနတ် တွေနဲ့ပါ ပစ်ခတ် ခဲ့ကြတာ ဖြစ်ကြောင်း တွေ ကို ပြောသွား ခဲ့ပါတယ်။

ဒီ နှိမ်နင်းမှု တွေ မှာ လူပေါင်း ၁၇၀ ထက် မနည်းလဲ ထိခိုက် ဒဏ်ရာ တွေ ရခဲ့ ကြပါ တယ်။ ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လက သမ္မတ ဟောင်း ဟော့ စနီ မူဘာရက် ပြုတ်ကျ ခဲ့ အပြီးမှာ အဆိုးရွားဆုံး ဖြစ်တယ် လို့လဲ သိရ ပါတယ်။ ဒီကိစ္စ အတွက် ကက်ဘိနက် အစည်းအဝေးကို တနင်္လာနေ့ မှာ ကျင်းပမှာ ဖြစ်ပါတယ်။