မလေးရှားကို ရွှေ့ပြောင်းဝင်လာသူတွေ အလုပ်လုပ်နိုင်ပြီ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကမ္ဘာပေါ်မှာ ရွှေ့ပြောင်း အလုပ်သမားတွေ နှစ်စဉ် တိုးများလာနေပါတယ်

မလေးရှားနိုင်ငံမှာ တရားမဝင် လာရောက် အလုပ်လုပ်နေကြတဲ့ အလုပ်သမား ၁ သန်း ကျော်ကို မလေးရှားအစိုးရက တရားဝင် အလုပ်လုပ်ခွင့်ပေး နေပြီဖြစ်ပါတယ်။

အခု နေထိုင်ခွင့်ရသူတွေအနေနဲ့ မလေးလူမျိုး အများစု မလုပ်ချင်တဲ့ ဆောက်လုပ်းရေးနဲ့ စာအုန်းဆီစိုက်ပျိုးရေး လုပ်ငန်းမျိုးလို နေရာ တွေမှာ အလုပ် လျှောက်ထားနိုင် တော့မှာ ဖြစ်ပါတယ်။

အစိုးရရဲ့ အခုလိုဆောင်ရွက်မှုဟာ များပြားလှတဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူ ဦးရေကို ထိန်းချုပ်ဖို့ ကြိုးပမ်းချက် တစိတ်တပိုင်းဖြစ်ပါတယ်။

အခုအစိုးရရဲ့ အစီအစဉ်အရ မှတ်ပုံတင်တဲ့နေရာမှာ ကိုယ့်ရဲ့အချက်အလက်တွေကို ပေးရတဲ့အပြင် လက်ဗွေနဲ့ ဓာတ်ပုံကို ပါယူပြီး၊ လူဝင်မှုကြီးကြပ်ရေးဌာနကို ပို့တာ ဖြစ်ကြောင်း မလေးရှားမှာရှိတဲ့ မြန်မာအလုပ်သမား ကိုစိုးသိန်းက ဘီဘီစီကို ရှင်းပြ ပါတယ်။

မှတ်ပုံတင်လိုက်တဲ့ သူကိုတော့ သူ့ရဲ့ဓာတ်ပုံ ကပ်ထားတဲ့ အထောက်အထား စာရွက် ပြန်ပေးကြောင်း သူကပြောပါတယ်။

မြန်မာနိုင်ငံကို ပြန်ကြမယ့် သူတွေကတော့ ငွေကုန်မှာဖြစ်တဲ့အတွက် မှတ်ပုံမတင်ကြဘူးလို့ သူကဆက်ရှင်းပြပါတယ်။

မလေးရှား အစိုးရကတော့ မှတ်ပုံတင်ပြီး အလုပ်လုပ်ကြမယ့် အလုပ်သမားတွေရဲ့ အခြေ အနေကို စောင့်ကြည့်နေမှာ ဖြစ်ပြီး၊ မှတ်ပုံ မတင်သူတွေကိုတော့ တင်းတင်း ကျပ်ကျပ် ကိုင်တွယ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကနေ မလေးရှားနိုင်ငံကို ရွှေ့ပြောင်း ဝင်ရောက်လာသူတွေ အများအပြားရှိပြီး သူတို့ရဲ့လုပ်အားဟာ မလေးရှား နိုင်ငံလုပ်အားရဲ့ ၂၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။