ကဒါဖီ သားတယောက်ကို မိပြီလို့ NTC က ပြောပြန်ပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption ကဒါဖီရဲ့ အငယ်ဆုံးသား

လစ်ဗျားမှာ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ကဒါဖီ သား မူတက်ဆမ် ဘယ်မှာ ရှိနေသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဝိရောဓိ ဖြစ်စရာ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကဒါဖီ သား Mutassim Gaddafi ကို Sirte မြို့မှာ ဖမ်းမိပြီး Benghazi ကို ခေါ်သွားပြီလို့ အာဏာရ အမျိုးသား အသွင်ကူးပြောင်း ရေးကောင်စီ NTC အရာရှိ တယောက်က ပြောပါတယ်။

ဒါပေမယ့် ဒီသတင်းနဲ့ ပတ်သက်လို့ အတည်ပြုချက် မပေးနိုင်သေးဘူးလို့ NTC က တခြား အရာရှိ တယောက်က ဆိုပါတယ်။

မူတက်ဆမ် ဖမ်းမိပြီ ဆိုတဲ့ ကောလဟာလ သတင်းပြန့်နေတာကြောင့် လူတွေက မိုးပေါ် သေနတ် ပစ်ဖောက် အောင်ပွဲခံနေကြတာ တွေ့ရတယ်လို့ ထရစ်ပိုလီမြို့က ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒါပေမယ့် မူတက်ဆမ် ဖမ်းမိပြီ ဆိုတဲ့ အထောက်အထားတွေကို NTC က မပြနိုင်သေးဘဲ အရင်တုန်းကလည်း ကဒါဖီရဲ့ အဓိက သစ္စာခံတွေ ဖမ်းမိပြီ ဆိုတဲ့ သတင်းမှားတွေ ထွက်ခဲ့ဘူးတယ် လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။