ဆီးရီးယား သူလျှို အမေရိကန် တရားစွဲ

ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား အတွက် စပိုင် လုပ်ပေးသူကို တရားစွဲ

ဆီးရီးယား နိုင်ငံဖွား အမေရိကန် နိုင်ငံသား တယောက်ကို ဆီးရီးယား အစိုးရအတွက် သူလျှို လုပ်ပေးမှုနဲ့ အမေရိကန် ပြည်ထောင်စုက တရားစွဲလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ဆီးရီးယား သမ္မတ Bashar al-Assad ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင် ဆန္ဒပြ နေကြသူတွေရဲ့ သတင်း အချက်အလက် တွေကို Mohamad Anas Haitham က စုဆောင်း ပေးခဲ့တယ်လို့ အမေရိကန် တရားရေး ဌာနက ပြောပါတယ်။

ဆန္ဒပြသူတွေနဲ့ ပတ်သက်တဲ့ ဗွီဒီယိုတွေ၊ အသံဖမ်းထားတာတွေ၊ ဖုန်းနံပါတ် နဲ့ အီးမေးလ် လိပ်စာတွေကို စုဆောင်းပြီး ပို့ပေးဖို့ ဆီးရီးယား ထောက်လှမ်းရေး အေဂျင်စီတွေက သူကို ညွှန်ကြား အမိန့်ပေးခဲ့တယ် လို့လည်း အမေရိကန် တရားရေး ဌာနက စွပ်စွဲ ပြောကြား လိုက်ပါတယ်။

သူဟာ ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူတွေရဲ့ ဆောင်ရွက်ချက်တွေ ကို သေးသိမ်အောင်လုပ်ဖို့၊ သူတို့ အသံတွေ မထွက်နိုင်အောင် ခြိမ်းခြောက်မှုတွေ၊ ကိုယ်ထိလက်ရောက်နာကျင်စေမှု တွေပါလုပ်ဖို့အတွက် ကြံစည်ခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ပြောပါတယ်။

အမေရိကန်မှာ ရှိတဲ့ ဆီးရီးယား သံရုံးက ဒီစွပ်စွဲ ပြောဆိုချက်တွေကို ပယ်ချခဲ့ပြီး ဒါတွေဟာ အခြေအမြစ်မရှိဘူး ၊ လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကတည်းက သမ္မတ အာဆက်ဒ် ရာထူးက ဆင်းပေးရေး တောင်းဆိုတဲ့ လူထု အုံကြွမှု ဖြစ်ခဲ့ရာမှာ ပြည်ပရောက် ဆီးရီးယား နိုင်ငံသားတွေက သူတို့ ကို အစိုးရ ဒလံတွေက စံနစ်တကျခြိမ်းခြောက်နှောင့်ယှက်မှုတွေ လုပ်နေတယ်လို့ ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။