ဆီးရီးယားမှာ သမ္မတ အာဆက်ဒ် ဆင်းပေးရေး ဆက်လက်ဆန္ဒပြ

ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား ဆန္ဒပြမှုတွေ အရှိန်မြင့်စဲ

ဆီးရီးယား နိုင်ငံ တလွှားမှာ သမ္မတ အာဆက်ဒ် ရာထူးက ဆင်းပေးရေး ဆန္ဒပြမှုတွေ ဖြစ်ပွားနေရာမှာ Homs မြို့မှာတော့ လုံခြုံရေး တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ဆန္ဒပြသူ ၂၁ယောက် သေဆုံးသွားတယ်လို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တွေက ပြောပါတယ်။

လက်ဘနွန် နယ်စပ်နားက Qusair မြို့မှာ စစ်တပ်က ဘက်ပြောင်း လာသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အဓိကရုန်း ဖြစ်ခဲ့ရာမှာ စစ်သား ငါးယောက် ထက်မက ကျသွားတယ် ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။

အဲဒီ ဘက်ပြောင်းလာတဲ့ စစ်သားတွေရဲ့ ပြောပြချက်အရ လမ်းပေါ် ထွက်လာတဲ့သူ မှန်သမျှ ပစ်ခတ်ဖို့ သူတို့ကို အမိန့်ပေးခံ ထားရတယ်လို့ ဟော်မ်စ်မြို့မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

သေနတ် ဒဏ်ရာ ရတဲ့ လူနာတွေကို ကူညီခဲ့ရင် သူတို့ကို ဖမ်းဆီး အပြစ်ပေးမယ်လို့ ခြိမ်းခြောက်ခံခဲ့ရကြောင်း အဲဒီ ဘီဘီစီ သတင်းထောက်နဲ့ တွေ့ခဲ့တဲ့ ဆရာဝန် တယောက်က ပြန်ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

မတ်လလယ် ကတည်းက ဖြစ်ပွားနေတဲ့ ဆီးရီးယားက လူထု ဆန္ဒပြပွဲတွေမှာ သေဆုံးသူ သုံးထောင် ကျော်သွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။