တာလီဘန်တွေနဲ့ ဆက်ဆွေးနွေးဖို့ ကလင်တန် ပြောလိမ့်မယ်

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ အာဖဂန်နစ္စတန်မှာ ရောက်နေပြီး ဒီနေ့ ကြာသပတေးနေ့မှာ သမ္မတ ဟာမစ် ခါဇိုင်း ၊ တခြား အာဖဂန် အရာရှိ တွေ အပြင် လူထု ကိုယ်စားပြု အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။

တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဆက်လက် လုပ်ဆောင်ဖို့ ၊ ပါကစ္စတန်နဲ့ အတူတွဲပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်း လုပ်ဆောင်ဖို့ တွေကို အာဖဂန် ခေါင်းဆောင်တွေကို မစ္စက် ကလင်တန်က တိုက်တွန်းလိမ့်မယ်လို့ အမေရိကန် အရာရှိ တွေက ပြောပါတယ်။

ဒါ့အပြင် ၂ဝ၁၅ ခုနှစ်မှာ အမေရိကန် တပ်တွေ ရုတ်သွားပြီးတဲ့ အခါကျရင် အမေရိကန်နဲ့ အာဖဂန် နစ္စတန်တို့ မဟာဗျူဟာမြောက်တဲ့ ရေရှည် မိတ်ဆွေ နိုင်ငံတွေအဖြစ် ရပ်တည် သွားဖို့ကိုလည်း မစ္စက် ကလင်တန်က ဆွေးနွေးလိမ့်မယ်လို့ အရာရှိတွေက ဆိုပါတယ်။