ရန်ပုံငွေအသစ် ထားရှိရေး ယူရိုဇုန်ဆွေးနွေး

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရန်ပုံငွေအသစ်တခု ထားရှိဖို့ ဆိုတဲ့ စဉ်းစားချက် ဖြစ်ပါတယ်

ယူရိုဇုန် ကြွေးမြီအကျပ်အတည်း ဖြေရှင်း ရေး ကြိုးစားဆောင်ရွက်နေကြတဲ့ ဥရောပ ခေါင်းဆောင်တွေဟာ စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာနေတဲ့ နိုင်ငံတွေဆီကနေ အကူအညီ ရရှိရေး အတွက်လည်း စဉ်းစား နေကြပါတယ်။

တရုတ်နဲ့ ဘရာဇီးတို့လို နိုင်ငံတွေရဲ့ ထည့်ဝင်မှု တွေ ရယူပြီး၊ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အသစ် တခု ထားရှိဖို့ ဆိုတဲ့ စဉ်းစားချက် ဖြစ်ပါတယ်။

အဲဒီနိုင်ငံတွေဟာ အခုလက်ရှိ ကူညီငွေထုတ်ပေးရေး ကိစ္စနဲ့ပါ ဆက်စပ်လာမယ့် နိုင်ငံ တွေ ဖြစ်ကြပါတယ်။

ယူရိုဇုန် အကူအညီပေးရေး အေဂျင်စီ ဥက္ကဌ ကလောက်စ် ရတ်လင်း ဒီအပတ်နှောင်းပိုင်း တရုတ်နိုင်ငံကို သွားရောက်တဲ့အခါ အခုကိစ္စ ဖြစ်မြောက်လာအောင် ဆောင်ရွက် မယ်လို့ မျှော်လင့်ရပါတယ်။

ဥရောပ ပါလီမန်က ခေါင်းဆောင်တဦးဖြစ်သူ Guy Verhofstadt က ဥရောပ ဘဏ္ဍရေး တည်ငြိမ်အောင် လုပ်ထားတဲ့ ကယ်ဆယ်ရေးရန်ပုံငွေ ပမာဏကို တိုးမြှင့်ရမှာ ဖြစ်ကြောင်းနဲ့ ဒီရန်ပုံငွေနဲ့ အခက်အခဲဖြစ်နေတဲ့ နိုင်ငံတွေကို ကူညီနိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒုက္ခရောက်နေတဲ့ အစိုးရတွေအတွက် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ IMF ကနေ ဘဏ္ဍာရေး ကူညီတွေ အပိုထပ်ရဖို့ကိုလည်း ဥရောပ ခေါင်းဆောင်တွေဟာ ဆွေးနွေး နေကြပါတယ်။