ရှေ့သီတင်းပတ် မှာ ဘန်ကောက်မြို့ ရေကျနိုင်ဖွယ်ရှိ

ဓာတ်ပုံ မူပိုင် bbc
Image caption ဘန်ကောက် မြို့ပြင် ဆင်ခြေဖုံး နေရာတွေမှာ ခါလယ်လောက် အထိ ရေတက်နေပါတယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှေ့သီတင်းပတ်ကျရင် ရေ ပြန်ကျမယ့် အခြေအနေ ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ် ယင့်လက် ရှင်နာဝပ် က ပြောကြား ပါတယ်။

ဘန်ကောက် မြို့လယ်တဝိုက် နေရာတွေက ရေနုတ်မြောင်းတွေ ရေစီးကောင်းပြီး ပင်လယ်ထဲ ကောင်းကောင်း စီးဝင်သွားအောင် အာဏာပိုင်တွေက လုပ်ဆောင်ခဲ့ တာကြောင့် ရေလွှမ်းနေတဲ့ ရေပမာဏ ဟာ ကျဆင်းလာနေတာ ဖြစ်တယ်လို့ မစ္စ ယင့်လက်က ပြောပါတယ်။

ဘန်ကောက်မြို့ အနိမ့်ပိုင်း နေရာတွေမှာ ရေမဝင်အောင် ကာထားတဲ့ အကာအရံ အများစု ဟာ အခုအချိန်အထိ ဘာမှ မဖြစ်သေးဘဲ အခု သီတင်းပတ် အတွင်း တက်လာတဲ့ ဒီရေ ကို တောင့်ခံနိုင်တဲ့ အနေအထား ရှိနေ ပါတယ်။

ဘန်ကောက်မြို့လယ်ကတော့ အခုအချိန်အထိ ရေကြီးတဲ့ အနေအထားမျိုး မရှိသေးပါဘူး၊ ဒါပေမယ့်လည်း မြို့ပြင် ဆင်ခြေဖုံးနေရာတွေမှာတော့ ခါးလယ်လောက်အထိ ရေတက် လာနေ ပါတယ်။

ဆယ်စုနှစ်ပေါင်း များစွာအတွင်း အခု ရေကြီးမှုဟာ ထိုင်းနိုင်ငံမှာ အဆိုးဝါးဆုံး ဖြစ်ပါတယ်။