ဂျူလီယန် အာဆန့်ဂျ် အား ဆွီဒင် တရားရုံး ကို လွှဲ

assange ဓာတ်ပုံ မူပိုင် BBC World Service
Image caption လန်ဒန် တရားရုံး ကို မစ္စတာ အာဆန့်ဂျ် ရောက် လာ စဉ်

ဝီကီလိခ် ဝက်ဆိုက် တည်ထောင်သူ ဂျူလီယန် အာဆန့်ဂျ် ဟာ အမျိုးသမီး နှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် နဲ့ ပတ်သက် ပြီး ဆွီဒင် နိုင်ငံ က စစ်ဆေး မေးမြန်း လိုတဲ့ အတွက် သူတို့ ဆီ ပြန်ပို့ ဖို့ တောင်းဆိုတဲ့ အပေါ် ကာယကံရှင် က ပြန်မပို့ဖို့ အယူခံ လျှောက်ထားခဲ့ပေမဲ့ ဗြိတိန် နိုင်ငံ တရားရုံးက အယူခံ ကို ပယ်ချ လိုက် ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး တရားဥပဒေ အရ ရင်ဆိုင် နေခဲ့ ရတာ ၁၁ လ ရှိ ခဲ့တဲ့နောက် ဗုဒ္ဓဟူး နေ့ က လန်ဒန် တရားရုံး ကနေ ဆုံးဖြတ်ချက် ချမှတ် လိုက်ပါတယ်။

ဆုံးဖြတ်ချက် မချခင် တစ်နာရီ ကျော်လောက် အလို ကတည်းက မစ္စတာ အာဆန်ဂျ်ကို ထောက်ခံသူတွေ က တရားရုံးရှေ့မှာ စုရုံး ရောက်ရှိ နေခဲ့ကြပါတယ်။

မတော် မတရား ပြုကျင့်မှု၊ လိင်ပိုင်း ဆိုင်ရာ စော်ကားမှု စတဲ့ စွဲချက် တွေကို ရင်ဆိုင် ရမယ့် ဆွီဒင် နိုင်ငံ ဆီ ပြန်မပို့ဖို့ ဂျူလီယန် အာဆန်ဂျ် ရဲ့ အယူခံ လျှောက်ထား မှုကို တရားသူကြီး ၂ ယောက် က ပယ်ချခဲ့ တာပါ။

ဆုံးဖြတ်ချက်ချခဲ့သူ အဲဒီ တရားသူကြီးတွေက ဥရောပ နိုင်ငံများ ဆိုင်ရာ ဖမ်းဆီးခွင့် ဝရမ်း အရ မစ္စတာ အာဆန့်ဂျ်ကို ဖမ်းမိခဲ့တာ ဖြစ်ပြီး အဲဒီ ကနေ ဆက်လက် ဆောင်ရွက် စရာ ရှိတာ တွေကို တရားဥပဒေ အရ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်၊ ဥပဒေ နဲ့ ညီညွတ် တယ်လို့ ပြောပါတယ်။

တရားသူကြီးတွေက ဆုံးဖြတ်ချက်ကို ဖတ်ပြ ခဲ့စဉ်မှာ မစ္စတာ အာဆန့်ဂျ်က မထုံတက်တေး ပုံစံ နဲ့ တရားသူကြီးတွေကို တည့်တည့် ကြည့်နေ ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက် နစ်ချိုင်း က ပြောပါတယ်။

မစ္စတာ အာဆန့်ဂျ်က သူ့ အပေါ် စွဲချက်တွေကို ငြင်းဆိုပါတယ်။

လူ့ အခွင့် အရေး လှုပ်ရှားသူ Bianca Jagger ကလည်း မစ္စတာ အာဆန့်ဂျ်ကို ဆွီဒင် ပြန်ပို့ စရာ အကြောင်း မရှိဘူး လို့ ပြောပါတယ်။